သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မကျင်းပနိုင် သည့် နေရာ များ ကော်မရှင် ကြေညာ


နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်တဲ့ နယ်မြေများကို ကြေညာလိုက်ပါတယ်။ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ နယ်မြေအချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမှာမဟုတ်ကြောင်း အောက်တိုဘာ ၁၂ ရက် နေ့ရက်စွဲနဲ့ ကြေညာချက် (၅) စောင် ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကချင်၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့အပြင် ပဲခူးတိုင်းဒေသကြီးစတဲ့ ပြည်နယ် တိုင်း ဒေသကြီး တစ်ခုစီအတွက် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တစ်ခုစီ ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်အတွက် ထုတ်ပြန်တဲ့ကြေညာချက်အမှတ် (၆၁/၂၀၁၅) အရ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ တနိုင်း၊ မိုးမောက်၊ မံစီနဲ့ ရွှေကူမြို့နယ် စုစုပေါင်း မြို့နယ်ပေါင်း (၁၁) မြို့နယ် ပါဝင်ပါတယ်။

အခု ရွေးကောက်ပွဲ ကျင်းပလို့မရနိုင်ဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့မြို့နယ်ထဲမှာ တခုအပါအဝင် ဖြစ်တဲ့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ကို ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူကတော့ အင်ဂျန်းယန်မြို့နယ်အတွက် ပယ်ထားတဲ့ ကျေးရွာအုပ်စု (၆၁) စုထဲမှာ သူလက်ရှိကိုယ်စားပြုနေတဲ့ ကျေးရွာအုပ်စုတွေ မပါတဲ့အကြောင်း၊ အဲဒီ ဒေသတွေဟာ ကေအိုင်အေက ထိန်းချုပ်ထားပြီး သွားလာရေးခက်ခဲတဲ့အပြင် ရွေးကောက်ပွဲမပါဝင်တဲ့ ဒေသတွေဖြစ်တဲ့ကြောင်း အခုလို ရှင်းပြပါတယ်။

“အဲဒီနေရာတွေက KIA ထိန်းချုပ်နယ်မြေတွေပေါ့- ပြောမယ်ဆိုလို့ရှိရင်။ KIA ထိန်းချုပ်ဧရိယာ၊ နောက်ပြီးတော့မှ သွားလာရအလွန်ခက်ခဲတဲ့ နေရာပေါ့။ ပယ်လိုက်တဲ့အုပ်စုက လူဦးရေကိုကအဲဒီမှာ မသိနိုင်ဘူး။ သန်းကောင်စာရင်းကောက်တုန်းကလည်း အဲဒီဘက်ကို မကောက်ဘူး။ အခုပယ်လိုက်တဲ့နေရာက လက်ရှိအခြေအနေမှာ သူက တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ အဲဒီနေရာက အင်မတန်သွားရေးလာရေးခက်ခဲတာ။ ကျမတို့ အင်ဂျန်းယန်အထိတောင်မှ အင်မတန်ခက်ခဲ့တဲ့နေရာ။ အရင်တုန်းကတော့ ၂၀၁၀ - ဟိုဘက်ပိုင်းမှာတော့ သွားရေးလာရေးလည်း ခက်ခဲတယ်။ အဲဒီမှာတိုက်ပွဲတွေလည်း ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ အင်ဂျန်းယန်မြို့နယ်မှာ တိုက်ပွဲမရှိဘူး။ အဲဒီတော့ အခုတလော ကျမသွားတဲ့အခါမှာလည်း ရွေးကောက်ပွဲအတွက်ကတော့ ဘယ်သူမဆို၊ ဘာမှ ဒီဟာနဲ့ပတ်သက်ပြီးမှ အားလုံးအားပေးကြပါတယ်။ ဟိုဘက်ကလည်းပဲလေ-”

မေး။ ။ အခုလိုမျိုး ကျေးရွာအတော်များများပေါ့လေ၊ လူဦးရေနည်းသည်၊ များသည်ကတော့ တကဏ္ဍပေါ့။ အဲလူတွေကို ဒီလိုမျိုး ရွေးကောက်ပွဲမှာ သူတို့ရဲ့ဆန္ဒတွေ ဖော်ထုတ်ခွင့်မရတာ၊ မဲပေးခွင့်မရတဲ့အပေါ်မှာရော ဒေါ်ဒွဲဘူ ဘယ်လို သဘောထားရှိသလဲ။

ဖြေ။ ။ သူတို့ကို မဲတော့ ပေးစေချင်တာပေါ့နော်။ ဘာလို့လဲဆို ဒီ ၁၆ မိုင်မှာပဲကို အခု မဲပေးတဲ့နေရာက လူဦးရေထက် ဟိုဘက်ကမ်းမှာရှိတဲ့ ရွာမှာဆိုလို့ရှိရင် နီးနီးကပ်ကပ်လေးတောင်မှ ဟိုဘက်ကမ်းမှာ ၂ ထောင်လောက်ရှိတယ်။ ၂ ထောင်လောက်ရှိတဲ့အခါကျတော့ မဲမပေးနိုင်တဲ့ အခါကျတော့ သူတို့ရဲ့အရေးအရာဆောင်ရွက်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မရှိဘူး။ အဲဒီတော့ အခု အဲဒီဘက်နားက ရွာ ဆိုလို့ရှိရင် ကျမ ကပ်နေတဲ့နေရာက ရွာသားတွေကိုတော့ နည်းနည်းပါးပါးလေး ကြည့်ရှုဆောင်မပေးနိုင်တယ်။ ဟိုဘက် ဝေးတဲ့နေရာတွေ ကိုတော့ မဆောင်ရွက်ပေးနိုင်ဘူး။ အဲဒါကြောင့်မို့လို့ တကယ့်ကို သူတို့အတွက် အခွင့်အရေးဆုံးရှုံးတယ်ဆိုတာ လက်တွေ့ တွေ့နေရတာပေါ့။ အဲဒီအခါကျတော့ တခြားဘက်က ပြည်သူလူထုတွေဆိုရင်လည်း မဲကိစ္စလည်း သူတို့မသိဘူး၊ ဘာမှ မသိဘူးပေါ့နော်၊ တခြားဆောင်ရွက်မှု တွေ ဘာမှ ပညာရေး၊ ကျန်းမာရေး- ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်မပေးနိုင်တဲ့အနေအထားဖြစ်တဲ့ အခါကျတော့ ပြည်သူအတွက်၊ အဲဒီမှာရှိတဲ့ ရွာသားတွေအတွက် ဒေသခံတွေက အများကြီးနစ်နာတာပေါ့နော်။

ကရင်ပြည်နယ်အတွက် ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ဖားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနဲ့ ဖာပွန်မြို့နယ်တို့က ကျေးရွာအုပ်စုတချို့ ပါဝင်ပါတယ်။

အလားတူပဲ ပဲခူးတိုင်းဒေသကြီး အတွင်းမှာ- ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တို့က ကျေးရွာအုပ်စု တချို့နဲ့ မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်က ဘောနောခီးကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။

ရှမ်းပြည်နယ်အတွက် ထုတ်ပြန်တဲ့ ကြေညာမှာတော့ - ပန်ဆန်း(ပန်ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ်တွေမှာ မြို့နယ် တစ်ခုလုံး၊ ဒါ့အပြင် မူဆယ်၊ ကုန်းကြမ်း၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းတုံ၊ မက်မန်းမြို့နယ်တို့က ကျေးရွာအုပ်စုတချို့ စသဖြင့် စုစုပေါင်း (၁၃) မြို့နယ်ပါဝင်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်ဘူးလို့သာ ကြေညာချက်မှာ ဖော်ပြထားပြီး ဘာကြောင့် မကျင်းပနိုင်ဘူးဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ အရင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ အကြား တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်အတွင်းက မြို့နယ် (၅) ခုမှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေအဖြစ် အခု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာတဲ့အထဲမှာ ပါဝင်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်း ၁,၇၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃,၄၄၁ ဦး စုစုပေါင်း ၆,၀၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG