သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမနေ့ ကော်မရှင်ထုတ်ပြန်ချက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၉၀ ကျော်နိုင်


ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနေ့မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာတိုင်းရင်းသားတွေ မဲမပေးခဲ့ရပါက ကော်မရှင်ကို တိုက်ရိုက်တင်ပြနိုင်ပြီး ဒီအပေါ်မှာ ကော်မရှင်ကစစ်ဆေးပြီး လိုအပ်သလိုဆောင်ရွက်ပေးသွားမယ်လို့ ကော်မရှင်ကပြောပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရန်ကုန်အပါအဝင် ပြည်နယ်တိုင်းအချို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော်ပေါင်း ၁၀၀ ကျော်ကြေညာခဲ့ပါတယ်။ ဒီသတင်းကိုနေပြည်တော်မှာ သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် မမေခက ပေးပို့ထားပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဖြစ်ပေမယ့် မိမိတိုင်းရင်းသားကိုယ်စားလှယ်ကို မဲမပေးရတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးရသူတွေ ရှိနေခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေမေးမြန်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ခုလိုဖြေကြားခဲ့ပါတယ်။

“မဲဆန္ဒရှင်တစ်ယောက်ကိုယ်တိုင်က ကိုယ်တိုင်သိတာ၊ ကိုယ်တိုင်ရှိတာ၊ သူ့ရဲ့အဖြစ်အပျက်တွေကို နှုတ်နဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် တိုက်ရိုက်တင်ပြလာလို့ ရှိရင် တင်ပြလာတဲ့အပေါ်မှာ စိစစ်ပြီးတော့ UEC က ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဆင့်ဆင့်က ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ လိုအပ်သလို ဆောင်ရွက်သွားမယ်။”

လက်ရှိမှာ နိုဝင်ဘာ ၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်တွေကြေညာတာမှာ ရန်ကုန်အပါအဝင် ပြည်နယ်တိုင်း အချို့ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော် စုစုပေါင်းအယောက် ၁၀၀ ကျော်ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာပေးခဲ့ပါတယ်။

“ဒီကနေ့ ကျနော်တို့ ပြည်သူ့လွှတ်တော်အားလုံး ၅၄ နေရာကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ ကျနော် ဒီကနေ့ တိုင်းနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၅၂ ယောက် ကျနော် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျန်တဲ့အနိုင်အရှုံးရလဒ်တွေတော့ မနက်ဖြန်ကာမှာ ဆက်လက် ကြေညာမှာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ထုတ်ပြန်ကြေညာခဲ့တဲ့ စာရင်းတွေကို ခုလိုပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မှုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကနေအတည်ပြုပြီးထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်သာလျှင် အတည်ဖြစ်တယ် လို့ ကော်မရှင်ကပြောဆိုထားပါတယ်။ ဒီပြင် နေရာအချို့မှာ ကော်မရှင်ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ကျော်လွန်ပြီး ကြိုတင်မဲတွေ သတ်မှတ်ချိန်ထက် နောက်ကျမှ ရောက်လာတာတွေရှိခဲ့တယ်လို့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ဒီအပေါ်ကော်မရှင်ဘက်က မဲရုံပိတ်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာတဲ့ကြိုတင်မဲများမှာ ပယ်မဲသာဖြစ်တယ်လို့ပြောခဲ့ပေမယ့် ထည့်သွင်းရေတွက်မှုများထည့်ပေါင်းထားတဲ့ဖြစ်ရပ်များ နယ်ဒေသတချို့တွင် ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ပေးဖို့တော့ ကော်မရှင်က တိကျတဲ့အဖြေမပေးခဲ့ပါဘူး။

ဒီလိုရွေးကောက်ပွဲဥပဒေနည်းဥပဒေမှာပါတဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို ချိုးဖောက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး မသမာမှုတစုံတရာကို တိကျစွာ တိုင်ကြားဖို့ ကော်မရှင်က ဦးမြင့်နိုင်က ခုလိုပြောပါတယ်။

“ပြစ်မှုနဲ့ပြစ်ဒဏ်တွေ ကျူးလွန်ရင် ထောင်ဒဏ်တစ်နှစ်ကနေ ငွေဒဏ်တစ်သိန်း၊ တရားမဲ့ပြုကျင့်…လို့ရှိရင် အဲဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကို ဒီတရားမဲ့ပြုကျင့်မှုကြောင့် အနိုင်ရသွားပါတယ်ဆိုပြီး တဘက်က ကန့်ကွက်နိုင်တယ်။ ကန့်ကွက်ရင် ခုံအဖွဲ့နဲ့ …..ပြီးတော့ ပြန်ပြီးတော့ ကျနော်တို့ ….လုပ်မယ်။ ဒါဟာ ရွေးကောက်ပွဲပြစ်မှု မြောက်တယ်ဆိုရင် ဘယ်သူမဆို တိုင်နိုင်ပါတယ်။ မဲဆန္ဒရှင်လည်းတိုင်နိုင်တယ်။ ရဲစခန်းကိုလည်း တိုင်နိုင်တယ်။ ရွေးကောက်ပွဲမတိုင်ခင်လည်းတိုင်နိုင်တယ်။ ရွေးကောက်ပွဲ ကျင်းပနေဆဲမှာလည်း တိုင်နိုင်တယ်။ ရွေးကောက်ပွဲကျင်းပပြီး ၁၅ ရက်အတွင်းမှာလည်း တိုင်နိုင်တယ်ပေါ့။ တိုင်လာရင် ကျနော်တို့ ဒါတွေ စိစစ်မယ်။ ကော်မရှင်လည်းပဲ ရွေးကောက်ပွဲတာဝန်ရှိတဲ့လူတွေကလည်းပဲ သဘောရိုးနဲ့ ဆောင်ရွက်တာဆိုရင် တရားစွဲမခံရလို့- သူက ပြောပါတယ်။ ကင်းလွတ်ခွင့်ပေးထားတယ်။ သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်နဲ့ဝန်ထမ်းတွေဟာ သဘောမရိုးနဲ့ တမင်သက်သက်ပဲ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကိုကျူးလွန်ရင် သူတို့ကိုလည်း အရေးယူလို့ရပါတယ်။ ”

လက်ရှိချိန်ထိ ကော်မရှင်ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၄ ယောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာမည်ကြီး ကိုပြုံးချို၊ မဇင်မာအောင်၊ ဒေါ်စုစုလွင်၊နဲ့ ဒေါက်တာသက်သက်ခိုင်အပါအဝင် ၄၉ ယောက် အနိုင်ရခဲ့ ပြီး ကျန်ကိုယ်စားလှယ်ကတော့ ပြည်ခိုင်ဖြိုးပါတီက ၃ယောက်၊ ဝဒီမိုကရက်တစ်က ၁ယောက်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ၁ယောက်တို့ပါဝင်ခဲ့ပါတယ်။ တိုင်းဒေသကြီးကိုယ်စားလှယ် ၅၂ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနာမည်ကြီး ကိုနိုင်ငံလင်း၊ ကိုဝေဖြိုးအောင်အပါအဝင် ၄၇ ယောက် အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးက ၃ ယောက်၊ ဝဒီမိုကရက်တစ်က ၂ ယောက် တို့အနိုင်ရထားပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီးကိုယ်စားလှယ် နေရာ ၉၀ ကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားပြီး အာဏာရပါတီ ပြည်ခိုင်ဖြိုးကတော့ ဒီထဲမှာ ၆ နေရာသာအနိုင်ရထားပါတယ်။ ကော်မရှင်ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရနေမှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က ခုလိုသုံးသပ်ပါတယ်။

“သေချာတာကတော့ သမ္မတရွေးကောက်တယ်၊ အစိုးရဖွဲ့တယ်ဆိုတဲ့ အခြေအနေမျိုးကို ရောက်လိမ့်မယ်။ အဲဒီမှာ တစ်ခုပဲရှိတယ်။ တစ်ခုကတော့ သူ့ဖာသာသူ တစ်ပါတီတည်းရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့မဟုတ် သူ့ဖာသာသူတစ်ပါတီတည်းမရဘူးဆိုလည်း အနည်းဆုံး တိုင်းရင်းသား ပါတီလေး တစ်ပါတီ၊ နှစ်ပါတီလောက်နဲ့ ညှိနိုင်တယ်ဆိုရင်ကိုပဲ သူက အဲဒီအခြေအနေကို ရောက်သွားနိုင်မယ်လို့ ထင်တယ်။”

ကော်မရှင်က ဒီရွေးကောက်ပွဲရလဒ်တွေကို နေ့စဉ်ထုတ်ပြန်သွားမှာဖြစ်ပြီး စာရင်းအားလုံးကိုတော့ ရွေးကောက်ပွဲ ကျင်းပပြီး ၂ပတ်ကြာထုတ်ပြန်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG