သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်ရောက်


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richard တို့ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richard တို့ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေမှာ အထောက်အကူပြုရေးအတွက်၊ ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန် နိုင်ငံတို့ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ကို လေ့လာထားတဲ့ ကျွမ်းကျင်သူတချို့ကိုပါ ခေါ်ဆောင်လာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြောပါတယ်။ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) နဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဒီကနေ့ ဇွန် ၃ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့သတင်းကို ဦးရော်နီညိမ်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးအဖြစ် ဇွန် ၂ ရက်နေ့က ရောက်ရှိလာတဲ့ ဗြိတိသျှဘုရင်မတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ ဇွန် ၃ ရက် ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တို့ကို အတူတကွ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီးတော့၊ ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန်နိုင်ငံတို့ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်ကို လေ့လာထားတဲ့ ကျွမ်းကျင်သူတချို့ကိုပါ ခေါ်ဆောင်လာခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ဗွီအိုအေ ကို ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တယ်။ တပ်ချုပ် (တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်) နဲ့ တွေ့တယ်။ သီးခြား လည်းတွေ့တယ်။ သမ္မတကြီးနဲ့ အတူပါပြီး သူက၊ တပ်ချုပ်က attend လုပ်တယ်။ နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး တိုးမြှင့်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့တွေပေါ့။ အိုင်ယာလန်မှာ ငြိမ်းချမ်းရေး ယူဖို့ သူတို့ လုပ်ခဲ့တယ်။ မြောက်အိုင်ယာလန်မှာ လုပ်ခဲ့တုန်းက၊ အဲဒီ case က ဒီလိုဟာမျိုးကို၊ သူတို့ရဲ့ ကျွမ်းကျင်တဲ့သူ၊ specialize လုပ်ထားတဲ့ research လုပ်ထားတဲ့ Colonel (ဗိုလ်မှူးကြီး) တစ်ယောက်ကို သူက ခေါ်လာတယ်။ ကိုယ်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာတွေမှာ အထောက်အကူပေးနိုင်ဖို့ပေါ့။”

ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ ဒီကနေ့ နေပြည်တော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီးတော့၊ အရင်တုန်းက စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ဆက်ဆံရေးတွေ ရှိခဲ့တဲ့ ဗြိတိသျှနဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ တပ်မတော်ချင်း ပြန်လည် နီးစပ်လာတာဟာ သင့်မြတ်တဲ့ ကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကနဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သူ လာတဲ့အချိန်ကလည်း တိုပါတယ်။ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ နေပြည်တော်မှာ တွေ့လိမ့်မယ်။ နောက်ပြီးတော့လည်း အရင်တုန်းက ကျနော်တို့ (တပ်မတော်)ရဲ့ လေ့ကျင့်ခန်းက စခဲ့တုံးကလည်း ဗြိတိသျှစစ်မစ်ရှင်နဲ့ပဲ စခဲ့တာဆိုတော့၊ ဟိုတုံးကလည်း သင်တန်းကျောင်းတွေဘာတွေနဲ့ ပတ်သက်ပြီးတော့လည်း တက်ကြပြုကြ နောက်လေ့ကျင့်ခန်းလုပ်ခဲ့ကြတဲ့ အဆက်အသွယ်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒါနဲ့ပတ်သက်လို့ ပြန်လည်ပြီးတော့ တပ်မတော်သားချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတဲ့နောက် ရှေဆက်ပြီး ပိုမိုပြီး ရင်းရင်းနှီးနှီးဖြစ်လာရအောင် ဆိုတဲ့ဟာ ကို အခြေခံပြီးတော့ နောက်ထပ် သင်တန်းပတ်တွေ ဘာတွေလည်း အဆင်ပြေချောမောလာမယ့်သဘောတွေ ရှိတာပေါ့။”

လက်ရှိ မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်တာမှာ ဘယ်လို ထိန်းသိမ်းဆောင်ရွက်သင့်တယ် ဆိုတဲ့ သူ့ရဲ့အမြင်ကိုလည်း ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) က မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတင်ပြနိုင်ဘွယ် ရှိတယ်လို့ ဦးတင်ဦးက ခန့်မှန်း ပြောဆိုပါတယ်။

“ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံမှုကိစ္စ အရပ်ရပ်အ၀၀ကို ဆောင်ရွက်တဲ့နေရာမှာ၊ သူတို့ တပ်မတော် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘာကို ဘယ်လို ပါဝင်သင့်တယ် ဆိုတာမျိုးတော့ သူတို့မှာ ပြောစရာ ရှိမယ်ထင်တယ်။ တကယ်တမ်းကတော့ဗျာ နိုင်ငံတော်အတွင်းထဲမှာ ဒီဥပဒေစိုးမိုးရေး တရားဥပဒေစိုးမိုးရေး လုပ်ဖို့ ဥစ္စာကတော့၊ ဒါဟာ ရဲတပ်ဖွဲ့ရဲ့ အလုပ်ပဲလေ။ သို့သော်လည်း ရဲတပ်ဖွဲ့အနေနဲ့ တချို့ အခြေအနေတွေကို မထိန်းနိုင် မသိမ်းနိုင်တဲ့အခါမှာ၊ ဒီမိုကရေစီနိုင်ငံ အစဉ်အလာအရ တပ်မတော်က ဘယ်လို ဝင်ရောက်ပြီးတော့ ကူညီဆောင်ရွက်သင့်တယ် ဆိုတာတွေကိုလည်းပဲ၊ တရားဥပဒေနဲ့အညီ အဲဒါတွေဘာတွေကိုလည်းပဲ၊ ဘယ်လိုရှိလဲ သူတို့ ပိုမိုပြီးတော့ ဘယ်အခန်းကဏ္ဍမှာ ဘယ်လိုရှိလဲ၊ ဒါတွေကိုလည်း သူတို့ အပြန်ပြန် အလှန်လှန် ပြောကောင်းပြောမှာရှိတယ်။”

မြန်မာနိုင်ငံဟာ မနှစ်ကစလို့ နိုင်ငံတကာ တပ်မတော်တွေနဲ့ ဆက်ဆံရေးကို ပြန်လည် လုပ်ဆောင်ခဲ့တာကို တွေ့ရှိရပြီးတော့၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ပစိဖိတ်ဒေသ အမေရိကန် တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်စကီး ဦးဆောင်တဲ့ ထိပ်တန်း အမေရိကန် စစ်ဘက်အရာရှိတွေ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။

ဂျပန်ရေတပ်မတော်ရဲ့ စစ်ရေယာဉ်တစ်စီးဟာလည်း မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို လာရောက် လည်ပတ်ဖို့ရှိပြီးတော့၊ ဂျပန်ကာကွယ်ရေးစစ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး နိုဘိုရုယာမာဂူချီဟာ ပြီးခဲ့တဲ့မတ်လမှာ မြန်မာနိုင်ငံ ကို လာရောက်ပြီး မြန်မာလူငယ်တွေ ဂျပန်ကာကွယ်ရေးစစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းမှာ တက်ရောက်ရေး မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်တပ်ဖွဲ့တွေ ဦးဆောင်ပြီး အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက နှစ်စဉ် ရွှေမြွေဟောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်အရာရှိကြီး နှစ်ဦး လေ့လာသူတွေ အဖြစ်တက် ရောက်ခဲ့ကြပါတယ်။

ဇွန် ၂ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တဲ့ ဗြိတိသျှဘုရင်မတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) နဲ့ ဇနီးတို့ကို၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ အမှတ် (၅၀၂) လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Andrew Heyn နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်သံမှူး တို့က၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုခဲ့ကြတယ်လို့ မြန်မာ့တပ်မတော်ရဲ့ မြဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG