သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်


ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ (Credit to OGP FB)
ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ (Credit to OGP FB)
၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်းအစိုးရများ မဟာမိတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီးရောက်ရှိခဲ့တဲ့ ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က လွန်ခဲ့တဲ့ ၁၈လအတွင်း မထင်မှတ်ပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုတွေ တွေ့ရ လို့ အားတက်မိပါတယ်တဲ့။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ တောင်ကြီးကို တက်ဖို့ တောင်ရဲ့ခြေရင်းမှာပဲ ရှိနေသေးတာကြောင့် ပန်းတိုင်ရောက်အောင် အတော်လေး ကြိုးစားဖို့လိုသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။

မနှစ်က အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်က ၂၀၁၆ ခုနှစ်မှာ OGP ခေါ် ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့အတွက် သူတာဝန်ခံပါ့မယ်လို့ ပြောကြားခဲ့ဖူးတဲ့ အကြောင်း၊ ဒါကြောင့် OGP အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ပါဝင်ဖို့ ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဝန်ကြီး Francis Maude က အခုလိုပြောဆို လိုက်ပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။ ဘတ်ဂျက် ရသုံးမှန်ခြေငွေစာရင်း၊ အကြီးတန်း အစိုးရအရာရှိကြီးတွေ ရဲ့အခြေပစ္စည်းပိုင်ဆိုင်မှုတွေ အပါအဝင် အားလုံးကို ထင်သာမြင်သာဖြစ်ရပါမယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ အခု အထိုက်အလျောက် တိုးတက်လာတာတွေ့ရပါပေမဲ့ သတင်း အချက်အလက်တွေ လက်လှမ်းမှီအောင်ရယူနိုင်ဖို့ အခွင့်အလမ်းတွေ လိုနေပါသေးတယ်။ ဒါတွေအားလုံး ပွင့်လင်းလာတဲ့ကျမှသာ OGP အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ကျနော်တို့ ကူညီပါ့မယ်လို့ တာဝန်ရှိသူတွေ ကိုလည်း ပြောကြားခဲ့ပါတယ်။”

ဗြိတိန်ဝန်ကြီး Francis Maude က အစိုးရဝန်ကြီးတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံ ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လို တွေ့ဆုံရာ မှာ OGP အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေကို သူရှင်းပြခဲ့တယ်လို့ အခုလို ဆိုပါတယ်။

“အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံ အချက် ၃ ခု လိုပါတယ်။ ပထမအချက်က အနဲဆုံး နည်းဥပဒေနဲ့ အညီ ဘောင်ဝင်ဖို့ လိုပါတယ်။ ဒုတိယအချက်က OGP ရဲ့ အခြေခံမူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိဘို့ပါဘဲ။ တတိယအချက်က ပွင့်လင်းမြင်သာမှု အတွက် ယုံကြည် အားထားလောက်တဲ့ လုပ်ငန်းအစီအစဉ် ချမှတ်ရပါမယ်။ ဒါဟာ မြန်မာ တစ်နိုင်ငံတည်းအတွက် မဟုတ်ပဲ ဘယ်နိုင်ငံမှာမဆို လိုက်နာရမှာဖြစ်ပါတယ်။ ပွင့်လင်းမှုမှာ ဦးဆောင်တယ်လို့ ဆိုရပေမယ့် ကျနော်တို့ဗြိတိန်နိုင်ငံမှာလည်း ပိုပြီးတိုးတက်အောင် ကောင်းသထက်ကောင်းအောင် လိုက်နာကြရပါတယ်။”

OGP အဖွဲ့ကို လွန်ခဲ့တဲ့ နှစ်နှစ်က အဖွဲ့ဝင် ၅၈နိုင်ငံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ OGP ရဲ့ အဓိက ရည်ရွယ်ချက်က Public Accountability လို့ ခေါ်တဲ့ ပြည်သူတွေအပေါ် တာဝန်သိတဲ့ တာဝန်သိမှုဖြစ်ပါတယ်လို့ ပြောရင်း OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးခံစားခွင့်တွေနဲ့ပတ်သက်လို့ အခုလို ရှင်းပြသွားပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ပွင့်လင်းမှုကို တွန်းအားပေးတဲ့ သဘောဆောင်ပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ ဘယ်လို သုံးတယ်ဆိုတာကအစ ယုံကြည်ကိုးစားမှု တိုးစေပါတယ်။ နောက်ပြီး အဂတိလိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုက အဂတိ လိုက်စားမှုကို ချေမှုန်းပစ်နိုင်ပါတယ်။ ဒါကြောင့် OGP အဖွဲ့ဝင်ဖြစ်ခဲ့ရင် ပွင့်လင်းတဲ့ စနစ်ကို ဖေါ်ဆောင်နိုင်ကြမှာဖြစ်လို့ ဧရာမ ကွာခြားချက်ကြီးကို တွေ့ကြရမှာပါ။”

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်အောင် ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တာဝန်သိတဲ့ ရင်းနှီးမြှပ်နှံမှု၊ ပွင့်လင်းမြင်သာမှု တိုးတက်စေရေး၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ခိုင်မာရေး၊ တိုင်းရင်းသားတွေနဲ့ပြန်လည်ရင်ကြားစေ့ရေး အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် OGP အဖွဲ့ဝင်တွေက ဝိုင်းဝန်းပံ့ပိုးသွားမှာဖြစ်တယ်လို့ OGP ရဲ့ နာယကအဖြစ် တာဝန်ယူထားတဲ့ ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maudeက ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
XS
SM
MD
LG