သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပြည်သူ ၁၀၀,၀၀၀ ကျော် သမ္မတနုတ်ထွက်ဖို့ ဆန္ဒပြ


အဓိကရုဏ်းနှိမ်ရင်းရေးတပ်ဖွဲ့များနဲ့ ထိပ်တိုက်တွေ့ချိန် ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ပေါက်ကြစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
အဓိကရုဏ်းနှိမ်ရင်းရေးတပ်ဖွဲ့များနဲ့ ထိပ်တိုက်တွေ့ချိန် ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ပေါက်ကြစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတက ငြင်းဆန်တဲ့အပေါ်မှာ ကန့်ကွက်ဆန္ဒပြသူ တသိန်းကျော် Kyiv မြို့လယ်မှာ တနင်္ဂနွေနေ့က စုရုံးပြီး သူတို့ မကျေနပ်ချက်ဒေါသတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

ထောင်ဂဏန်းရှိတဲ့ ဆန္ဒပြသူအချို့ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူအုပ်ကနေ ခွဲထွက်ပြီး အနီးအနားမှာရှိတဲ့ အစိုးရအဆောက်အဦးတခုကို ဝင်ရောက် စီးနင်းဖို့ ကြိုးစားခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။ အဲဒီနောက် အရေးပေါ် လူနာတင်ကားတွေဟာ ဒါဇင်နဲ့ချီ ဒဏ်ရာရသူတွေကို တင်ပြီး ဆေးရုံတွေ ပို့ပေးခဲ့ရပါတယ်။ ဆန္ဒပြမှုကိုရပ်ဖို့ အစိုးရက အမိန့်ထုတ်ခဲ့တာကို အဲဒီလူအုပ်က အာခံ ဆန့်ကျင်ခဲ့ကြပါတယ်။

ယူကရိန်းမှာ နေ့စဉ်လိုလို ဆန္ဒပြမှုတွေဖြစ်နေတာ တပတ်ကျော်သွားပြီဖြစ်ပြီး မနေ့က တနင်္ဂနွေနေ့ ဆန္ဒပြမှုကတော့ အကြီးကျယ်ဆုံးဖြစ်ခဲ့ပါတယ်။ ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မခံဖို့ သမ္မတ Viktor Yanukovych က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဆုံးဖြတ်ခဲ့တာပါ။ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ နီးနီးကပ်ကပ် ဆက်ပြီး ဆက်ဆံသွားဖို့လိုမယ်လို့ သမ္မတ Yanukovych က အကြောင်းပြ ပြောဆိုခဲ့ပါတယ်။

Lithuanian နိုင်ငံ မြို့တော် Vilnius မှာ အီးယူ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေစဉ် တလျှောက်လုံး ယူကရိန်းအနေနဲ့ အီးယူနဲ့ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်မထိုးဘူးဆိုတာကို ထပ်ခါ ထပ်ခါ ကြေညာခဲ့ပါတယ်။ တကယ်တော့ ယူကရိန်းသမ္မတအနေနဲ့ ဒီသဘောတူညီချက်ကို အခု သောကြာနေ့မှာ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ထားကြတာပါ။ ယူကရိန်းသမ္မတ Yanukovych က အခုလို ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ သမ္မတ နုတ်ထွက်ပေးဖို့ဆိုပြီး ယူကရိန်းမှာ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ခဲ့ပါတယ်။
XS
SM
MD
LG