သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော


ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)
ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)

ယူကရိန်းသမ္မတ Petro Poroshenko ဟာ အမေရိကန်လွှတ်တော်မှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားခဲ့ပြီး၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံး က သူ့ကို အချိန်အတော်ကြာ မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆက်ပြီးတော့ ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ ယူကရိန်းနိုင်ငံကို စစ်ရေး၊ နိုင်ငံရေး နဲ့ စီးပွားရေး အထောက်အကူတွေပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ ဗီအိုအေသတင်းထောက် Cindy Saine အမေရိကန်လွှတ်တော်ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ မစ္စတာ ပက်ထရို ပိုရိုရှန်ကို အမေရိကန်လွှတ်တော် ခန်းမထဲဝင်လာတဲ့အချိန်မှာ အမေရိကန်အောက်လွှတ်တော် သဘာပတိ John Boehner က အခုလို ဂုဏ်ပြုကြိုဆိုခဲ့တာဖြစ်ပါတယ်။ အရင် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုဟာ သူ့ကို အမေရိကန် လွှတ်တော်မှာ အခုလို လှိုက်လှိုက်လှဲလဲှကြိုဆိုခဲ့ကြတဲ့အပေါ်မှာ စိတ်လှုပ်ရှားနေပုံလည်းရပါတယ်။

"အခုချိန်မှာ ကျနော်စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ် ခံစားနေရတယ် ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ၊ အမေရိကန်လွှတ်တော်အနေနဲ့ ယူကရိန်းနိုင်ငံအပေါ်မှာ ဘယ်လောက်အထိ သွေးစည်း ညီညွတ်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။"

စစ်လက်နက်အင်အား မပြည့်စုံတဲ့ သူ့ရဲ့ ယူကရိန်းစစ်သားတွေဟာ ခေတ်မှီ အဆင့်အတန်းမြင့်တဲ့ ရုရှားစစ်တပ်ရဲ့ ကျူးကျော်ရန်လိုမှုတွေကို ရင်ဆိုင်နေရတယ်လို့ သမ္မတ ပိုရိုရှန်ကိုက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ ပေးနေတဲ့ အလွယ်တကူအဆင်သင့်စားနိုင်တဲ့ စားစရာတွေ နဲ့ စောင်တွေက ရုရှားတွေကို ရင်ဆိုင်ဖို့အတွက် လုံလောက်မှုမရှိတာကြောင့် အမေရိကန်အနေနဲ့ တိုက်ခိုက်ရေး စစ်လက်နက်တွေရော ၊ စစ်လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေကိုပါ ပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

"ကျေးဇူးပြုပြီး ကျနော်ကို နားလည်ပေးစေချင်ပါတယ်။ စောင်တွေ၊ ညကြည့်မှန်ပြောင်းတွေကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ စစ်ပွဲနိုင်ဖို့ကတော့ စောင်တွေနဲ့ မရပါဘူး။"

အမေရိကန်လွှတ်တော်အနေနဲ့ ယူကရိန်းနိုင်ငံကို အထူးကာကွယ်ရေး နဲ့ လုံခြုံရေး အဆင့်အတန်းပေးဖို့ ၊ ဒါ့အပြင် ယူကရိန်းနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေကို လာရောက်ရင်းနှီးမြှုပ်နှံလာအောင် အားပေးတဲ့ အနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးသွားဖို့ မစ္စတာ ပိုရိုရှန်ကိုက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ အခုလို ယူကရိန်းသမ္မတဘက်က ပန်ကြားသွားတဲ့အပေါ်မှာ အမေရိကန်လွှတ်တော်အမတ်တွေက ထပ်ခါတလဲလဲ မတ်တပ်ရပ်ပြီးတော့ လက်ခုပ်သြဘာတီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ယူကရိန်းပြည်သူတွေအနေနဲ့ သူတု့ိရဲ့ အနာဂတ်ကို ပြည်ပက ဝင်ရောက် စွက်ဖက်မှုတွေ မပါဘဲ ရွေးချယ်ဆုံးဖြတ်သွားဖို့အတွက် အမေရိကန်ပြည်က ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG