သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆန္ဒပြပွဲ ရုရှားနောက်ကွယ်ကပါဟု ဝန်ကြီးချုပ် စွပ်စွဲ


ယူကရန်း ဝန်ကြီးချုပ် Arseniy Yatsenyuk
ယူကရန်း ဝန်ကြီးချုပ် Arseniy Yatsenyuk
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မြို့ ၃ မြို့မှာရှိတဲ့ အစိုးရအဆောက်အဦးတွေကို တနင်္ဂနွေနေ့က ဝင်ရောက် စီးနင်းခဲ့တာ အပါအဝင် ခွဲထွက်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ရုရှားအစိုးရက နောက်ကွယ်ကနေ ထောက်ပံ့ပေးခဲ့တယ်လို့ ယူကရိန်း ဝန်ကြီးချုပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ Donetsk ၊ Luhansk နဲ့ Kharkiv မြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကို ရုရှားက နောက်ကွယ်က ပါဝင်ခဲ့တယ်လို့ ဝန်ကြီးအဖွဲ့ အစည်အဝေးအတွင်း ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေဟာ ယူကရိန်းပိုင်နက်ထဲ နိုင်ငံခြားတပ်ဖွဲ့တွေ ဝင်ရောက် သိမ်းပိုက်နိုင်အောင် မတည်ငြိမ်မှုတွေ တမင် ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းပိုင်နက်ရဲ့ ၁၉ မိုင်လောက်အကွာမှာ ရှိနေတယ်လို့ ဝန်ကြီးချုပ် Yatsenyuk က ပြောပါတယ်။

Crimea ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အခွင့်အကောင်းယူပြီး တနင်္ဂနွေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Oleksandr Turchnyov က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာလည်း ဖော်ပြထားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစီအစဉ်တွေကို အစိုးရအနေနဲ့ လုပ်ဆောင်သွားမယ်လို့လည်း သမ္မတက ပြောပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မနေ့ကပေါ်ပေါက်ခဲ့တဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Luhansk (လူဟမ်စ်) မြို့မှာ ရုရှားလိုလားတဲ့ လက်နက်ကိုင်တွေက နိုင်ငံတော်လုံခြုံရေး ရုံးချုပ်ကို စီးနင်းသိမ်းပိုက်ထားလိုက်ပြီး ဖြစ်တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အခုဆိုရင် အဲဒီမြို့က လမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပါတယ်။
XS
SM
MD
LG