သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပစ်ချတဲ့ အထောက်အထား ရုရှားဖျက်ဆီးသလား


ဒုံးကျည်ထိမှန်ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ပျက်အပိုင်းအစများ။
ဒုံးကျည်ထိမှန်ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ပျက်အပိုင်းအစများ။

ရုရှားနယ်စပ်အနီး ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသအတွင်း မလေးရှားလေယာဉ် ပစ်ချခံရမှုမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြောင်း ယုံကြည်နိုင်ဖွယ်ရှိတဲ့ အထောက်အထားတွေ ရှိထားပြီဖြစ်တဲ့အကြောင်း ယူကရိန်း တန်ပြန် ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။ ခွဲထွက်ရေးသူပုန်တွေမှာ buk 1 လို အဆင့်မြင့် နည်းပညာသုံး ဒုံးလက်နက်ကို အသုံးပြုနိုင်တဲ့ သင်တန်းမျိုးမရှိဘူးလို့ ဒီကနေ့ စနေနေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Vitaly Nada ( ဗစ်တလေ နာဒါ) က ပြောပါတယ်။

ဘက်က် ဝမ်း ဒုံးလက်နက်ကို အသုံးပြုဖို့ဆိုရင် စစ်ရေးပညာနဲ့ သင်တန်းတွေရှိဖို့လည်း လိုပါတယ်။ ကျနော်တို့ သေချာသိထားသလောက် ဒါ ရုရှားအဖွဲ့ပါ။ ရုရှားနိုင်ငံသားတွေ ဘက်က်ဝမ်းကို အသုံးပြုနေတာ ရှိပါတယ်။ ရုရှား ဖက်ဒရေးရှင်းနယ်မြေကနေ မစ်ဇိုင်း လက်နက်တွေနဲ့အတူ သူတို့ လာခဲ့တာပါဆိုပြီးတော့လည်း မစ္စတာ နာဒါက ပြောသွားပါတယ်။

ကြာသပတေးနေ့က လူပေါင်း ၃၀၀ နီးပါး တင်ဆောင်လာတဲ့ မလေးရှား လေယာဉ်ကို ပစ်ချလိုက်ပြီးတဲ့နောက် လေယာဉ်ပျက်ကျရာနေရာက အထောက်အထားတွေကို ရုရှားလိုလားတဲ့ ယူကရိန်းသူပုန်တွေက ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ရာမှာ ရုရှားနိုင်ငံက ကူညီခဲ့တယ်လို့လည်း ယူကရိန်းဘက်က စွပ်စွဲပါတယ်။ သူပုန်တွေဟာ အလောင်း ၄၀ နီးပါးကိုလည်း လေယာဉ်ပျက်ကျရာနေရာကနေ သူတို့ ထိန်းချုပ်ရာ ဒေါညန့်စ်မြို့ကို ယူဆောင်သွားခဲ့တဲ့အကြောင်း အစိုးရက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။ ယူကရိန်းခွဲထွက်ရေးသမားတွေကို သယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးနေသူတွေဟာ ရုရှားသံဝဲ၀ဲနဲ့ ပြောဆိုတယ်ဆိုပြီးတော့လည်း ပြောပါတယ်။ အခုလို စွပ်စွဲချက်တွေအပေါ် ရုရှားဘက်ကတော့ တုံ့ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

ထူးခြားမှုတခုကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်တို့အကြား လေယာဉ်ပစ်ချခံရမှုနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ သဘောတူညီချက် ရလိုက်တာပါ။ နိုင်ငံခေါင်းဆောင် ၂ ယောက်ဟာ ဒီကနေ့ စနေနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး နိုင်ငံတကာ မြို့ပြ လေကြောင်းဆိုင်ရာ အဖွဲ့အနေနဲ့သာ ဒီစုံစမ်းစစ်ဆေးမှုကို လုပ်သင့်တယ်ဆိုပြီး သဘောတူညီခဲ့ကြတဲ့အကြောင်း ဂျာမနီအစိုးရက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG