သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်း အစိုးရတပ်တွေစတင်စေလွှတ်


ယူကရိန်းစစ်သည်တွေဟာ နိုင်ငံရဲ့အရှေ့ပိုင်းက လေဆိပ်ကို
လေကြောင်းကနေ ဆိုက်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာဆိုရင် ရုရှားနိုင်ငံ နယ်စပ်မှာရှိတဲ့ ယူကရိန်းအစိုးရ အဆောက်အဦး ၁၀ ခုကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူ ဆန္ဒပြ ခွဲထွက်ရေးသမားတွေကို ဖြိုခွဲဖို့ စတင်လုပ်ဆောင်နေပြီဆိုတဲ့ အရိပ်အရောင် ပြသနေတဲ့သဘော ဖြစ်ပါတယ်။

အင်္ဂါနေ့ Kramatorsk လေဆိပ်ကို စစ်သည်တွေ ဆိုက်ရောက်လာတာနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ Kyiv မှာရှိတဲ့ ယူကရိန်းအစိုးရကတော့ သိမ်းပိုက်ထားလိုက်ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံ သတင်းထောက်တွေ အပါအဝင် မျက်မြင်သက်သေတွေကတော့ ယူကရိန်းတပ်ဖွဲ့တွေကို ဒေသခံအရပ်သားတွေက အလျှင်အမြန် ဝိုင်းလိုက်တဲ့အတွက် တပ်ဖွဲ့တွေ မြို့တွင်းကို ချက်ချင်း မသွားရောက်နိုင်ဘဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ တခြားသတင်းတွေမှာလည်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက အလားတူ စစ်ဆင်ရေးမျိုးကို Slovyansk မြို့အနီးမှာလည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောပါတယ်။

စောစောပိုင်းတုန်းကတော့ ယူကရိန်းယာယီသမ္မတ Oleksandr Turchynov က ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဘာသာစကားပြောတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းမှာ သတိနဲ့ စစ်ဆင်ရေးကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်းပြောဆိုပါတယ်။ အစိုးရရုံးတွေကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေကို ဖယ်ရှားပေးကြဖို့အတွက် သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် တနင်္လာနေ့ ကျော်လွန်သွားပြီးတဲ့နောက်မှာ အခုလို ပြောဆိုလိုက်တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ ယူကရိန်း အစိုးရအနေနဲ့ ဆန္ဒပြသူတွေအပေါ် သည်းခံမှုနဲ့ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ နေရာတွေကနေ တဖြည်းဖြည်း အချိန်ယူ ဖယ်ရှားပေးအောင် လုပ်ဆောင်နေတဲ့အပေါ် ချီးကျူး ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon က ရုရှားသမ္မတ Valdimir Putin ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်မှုကို ပြောကြားခဲ့သလို၊ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ အခြေအနေ တင်းမာနေတာကို လျော့ပါးသွားအောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
XS
SM
MD
LG