ထိပ်တန်းအစိုးရအရာရှိ ၉၁ ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။ အဲဒီထဲမှာ ရုရှားလိုလားတဲ့ ယူကရိန်းအစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတဲ့ ဗိုလ်ချုပ်ကြီး ၈ ဦး ပါဝင်ပါတယ်။
မြို့တော် Kyiv နဲ့ Donetsk က ဒေသဆိုင်ရာ အကြီးအကဲတွေ အပါအဝင် အစိုးရဝန်ကြီးဌာန အကြီးအကဲတွေကို အခုလို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ မစ္စတာ Avakov က သူ့ရဲ့ Facebook မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych အစိုးရလက်အောက်မှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေကို အဓိကထား နှိမ်နင်းမယ့် ဥပဒေနဲ့ အခုလို သူတို့ကို ရာထူးက ဖယ်ရှားခဲ့တာပါ။
သမ္မတ Petro Poroshenko ဟာ ဒီလအစောပိုင်းတုန်းက ဒီဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရကြား တိုက်ပွဲတွေဖြစ်နေတာကို ရပ်ဖို့ EU ဥရောပသမဂ္ဂနဲ့ UN ကုလသမဂ္ဂ တို့ကလည်း နည်းလမ်းတွေ ရှာဖွေနေပြီး ရုရှားနယ်စပ်က ဒီခွဲထွက်ရေးသမားတွေ သူတို့ထိန်းချုပ်ရာ နယ်မြေအတွင်း ကျင်းပနေတဲ့ ရွေးကောက်ပွဲကို ရုရှားက ထောက်ခံတဲ့အပေါ်မှာလည်း EU နဲ့ ကုလ တို့က ရှုတ်ချထားပါတယ်။