သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စာနာမှု အကြီးအကဲ မြန်မာခရီး စတင်


ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ တိုးတက်မှု တချို့ ရှိလာတယ်ဆိုပေမဲ့ လူ့အခွင့်အရေး ပိုင်းမှာတော့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေသေးတယ်ဆိုတာကို ဒီခရီးစဉ်ကနေ သိနိုင်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ မစ္စ် အေးမို့စ် ရဲ့ ခရီးစဉ်တွင်း ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေ ဆွေးနွေး ပြောဆိုနိုင်သလဲ ဆိုတာတွေကိုတော့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို လေ့လာ အကဲခတ်ဖို့အတွက် မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီး လာရောက်တာဖြစ်ပါတယ်။ လက်တလော လူ့အခွင့်အရေး အခြေအနေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ဖို့ရှိပြီး အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေကို သွားရောက် တွေ့ဆုံမှာ ဖြစ်သလို အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး ပြောခွင့်ရသူ စတီးဝက်ဒါးဗိစ် (Stewart Davies) က ပြောပါတယ်။

“သူ ဒီညနေ မြန်မာနိုင်ငံကို ရောက်မှာပါ။ ဒီလ ၇ ရက် သောကြာနေ့အထိ ရှိပါမယ်။ အစိုးရ တာဝန်ရှိ ဝန်ကြီးတွေနဲ့ သူတွေ့မှာပါ။ အရေးကြီးဆုံးကတော့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်နဲ့ ကချင်ဒေသက အခြေအနေတွေကို သွားရောက် လေ့လာပါလိမ့်မယ်။ ပြီးတော့ မြန်မာသမ္မတ၊ ဒါမှမဟုတ် အနိမ့်ဆုံး ဒုသမ္မတ လောက်နဲ့ တွေ့လိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေတဲ့ ဝန်ကြီးတွေ အတော်များများနဲ့ တွေ့မှာပါ။ ရခိုင်ပြည်နယ်မှာတော့ စစ်တွေမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပါလိမ့်မယ်။ ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေ ကိုလည်း သွားရောက်မှာပါ။ သောကြာနေ့ ရန်ကုန်မြို့ကို ပြန်ရောက်တဲ့အခါကျရင်တော့ အဲဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် လုပ်ဖို့ စီစဉ်ထားပါတယ်။”

ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတချို့ ရှိလာတယ်ဆိုပေမဲ့ လူ့အခွင့်အရေး အရ ကြည့်ရင်တော့ စိုးရိမ်စရာ အခြေအနေတွေ အများအပြား ရှိနေသေးတဲ့အပေါ်မှာ ခုလို ကုလသမဂ္ဂက အကြီးအကဲတဦးဖြစ်တဲ့ မစ္စ အေးမို့စ် ရဲ့ ခရီးစဉ် ဖြစ်လာရတာ ဖြစ်တယ်လို့လည်း မစ္စတာ ဒါးဗိစ် က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာတဲ့အပိုင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှုတချို့ ရှိလာပေမဲ့လို့ တချိန်တည်းမှာလည်း လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ရမယ့် အခြေအနေတွေ ရှိနေသေးတယ် ဆိုတာကို ဒီခရီးစဉ်က သိသာထင်ရှားစေပါတယ်။ ဒီလို လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ရှိနေသေးတယ်ဆိုတာကို ကုလသမဂ္ဂက လက်ခံထားသလို မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စ ကိုင်တွယ် ဖြေရှင်းဖို့လည်း တိုက်တွန်းနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုပါ။ ဒါကြောင့် အခုခရီးစဉ်က ကုလသမဂ္ဂ အနေနဲ့ မြန်မာအစိုးရကို အကူအညီပေးချင်တယ်၊ ပေးနေတယ် ဆိုတာကို ဖော်ပြတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ရဆဲ အခြေအနေတွေမှာ ရှိတယ်ဆိုတာကို သိသာထင်ရှားစေတဲ့ ခရီးစဉ်ဖြစ်ပါတယ်။”

ကုလသမဂ္ဂ နဲ့ လူသားချင်း ကူညီစာနာရေး အဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ရသူပေါင်း ၁ သိန်း ၅ သောင်းကျော်အတွက် အကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေသလို လက်တလောမှာတော့ ဒုက္ခသည် ၈ သောင်းအတွက် ဒေါ်လာ ၃၂ သန်း အကူအညီတွေ ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက တကြော့ပြန် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်သူ ဦးရေ တိုးလာသလို ဒီအပေါ် အကူအညီတွေ တိုးပေးနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း မစ္စတာ ဒါးဗိစ်က ပြောပါတယ်။

တချိန်တည်းမှာလည်း ကချင်ပြည်နယ်တွင်းမှာ စစ်ပြေးဒုက္ခသည် ခန့်မှန်းချေ ၇ သောင်း ၅ ထောင် လောက်ရှိနေပြီး ဒီလူတွေကို အကူအညီတွေ ပေးဖို့ ကြိုးစားတဲ့နေရာမှာ လက်လှမ်းမမီတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့ မြန်မာအစိုးရဘက်ကနေ ကူညီ ဆောင်ရွက်ပေး ရမှာဖြစ်ပြီး လောလောဆယ် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ အိုးအိမ်မဲ့ ဒုက္ခရောက်နေသူပေါင်း ၃ သောင်းကျော်ကိုပဲ အကူအညီပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မစ္စ အေးမို့စ်ဟာ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် တဦးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG