သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ ကန်ရဲ့ရေဘေးကူညီရေး


စစ်ကိုင်းတိုင်၊ ကောလင်းမြို့နယ်အတွင်း ရေနစ်မြုပ်သွားတဲ့အိမ်က အိမ်ထောင်ဦးစီးတယောက် သူ့မိသားစု ယာယီနေထိုင်ဖို့ သစ်ပင်တပင်ကို ယာယီနေစရာ ဖန်တီးပေးထားပုံ။ (သြဂုတ်လ ၂၊ ၂၀၁၅)
စစ်ကိုင်းတိုင်၊ ကောလင်းမြို့နယ်အတွင်း ရေနစ်မြုပ်သွားတဲ့အိမ်က အိမ်ထောင်ဦးစီးတယောက် သူ့မိသားစု ယာယီနေထိုင်ဖို့ သစ်ပင်တပင်ကို ယာယီနေစရာ ဖန်တီးပေးထားပုံ။ (သြဂုတ်လ ၂၊ ၂၀၁၅)

ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံနေရတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အပြင် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ လာမဲ့ရက်ပိုင်းတွေမှာ ဆက်ပြီး မိုးရွာသွန်းမယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနက ခန့်မှန်းထားတာနဲ့အတူ ရေဘေးကြောင့် သေဆုံးသူ အရေအတွက်ထပ်ပြီးများလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ရေကြီးနေတဲ့နေရာ တော်တော်များများကို သွားရောက်ပြီး ပျက်စီးသေဆုံးတဲ့ အတိုင်းအတာကို ခန့်မှန်းနိုင်ခြင်းမရှိသေးတဲ့အတွက် နောက်ထပ် သတင်းတွေသိလာရရင် အစိုးရထုတ်ပြန်ထားတဲ့ သေဆုံးသူ ၂၇ ယောက်ဆိုတဲ့ အရွေအတွက်ထက် အများကြီး ပိုများလာနိုင်တယ်လို့ ခန့်မှန်းရတဲ့ အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရ လူမှုဝန်ထမ်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက မြန်မာနိုင်ငံတဝှန်း မုတ်သုန်မိုး သည်းထန်ခဲ့ပြီး ရေကြီးမှုတွေ နေရာအနှံ့ ဖြစ်ပွားနေရာမှာ ဇူလိုင်လ ကုန်အထိသေဆုံးသူ ၂၇ ဦးရှိပြီး ရေဘေးဒဏ်ခံစားနေကြရသူအရေအတွက်ဟာ တသိန်း ငါးသောင်း
ခြောက်ထောင်ကျော်တယ်လို့ ပြောခဲ့တာပါ။ ဒီအရေအတွက်ဟာ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် စတဲ့ ပြည်နယ်တွေနဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး
ဧရာဝတီ၊ ရန်ကုန်စတဲ့ တိုင်းတွေကနေ ကောက်ယူထားတဲ့ စာရင်းတွေအရဖြစ်ပြီး တခြားနေရာတော်တော်များများကို အဆက်သွယ် ပြုလုပ်လို့ မရသေး ကြောင်းနဲ့ထိခိုက် ပျက်စီး သေဆုံး ကြသူတွေ အရေတွက်ဟာ သိသိသာသာ တိုးများ လာဖွယ်ရှိတယ်လို့ UNOCHA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ခုလို ကုလသမဂ္ဂရဲ့သတိပေးချက်ထွက်လာခဲ့ချိန်မှာပဲ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တနင်္ဂနွေနေ့က ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရန်ကုန်မြို့မှာလည်း ငမိုးရိပ်ချောင်းကနေ ရေလျှံလာတဲ့အတွက် မြောက်ဥက္ကလာပမြို့နယ်ဘက်က ရပ်ကွက်တချို့ကို ရေလျှံလာခဲ့ပါတယ်။
အထက်ပိုင်းက စီးလာတဲ့ရေတွေကြောင့်ရော မိုးဆက်လက်ရွာသွန်းမှုတွေကြောင့်ပါ ဒီရက်ပိုင်းထဲမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီး ရေလျှံမယ့် အန္တရာယ် စိုးရိမ်ရတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခ ရင်ဆိုင်နေရတာနဲ့အတူ အကူအညီတွေလိုအပ်ချက်ကိုလည်း ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ရေဘေးဒဏ်ကြောင့် အကူအညီလိုအပ်နေတဲ့ သူတွေကို အမြန်ဆုံး အကူအညီပေးနိုင်အောင်နဲ့
အပျက်အစီးအတိုင်းအတာကို ခန့်မှန်းနိုင်အောင် လူသားချင်းဆိုင်ရာ ကူညီဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ သံရုံးက ညှိနှိုင်းဆောင်ရွက်နေတယ်လို့
ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်း လူပေါင်း သိန်းနဲ့ချီ ရေကြီးမှုဒဏ်ကို ခံနေရချိန်မှာ ရေဘေးဒုက္ခသည် မိသားစုတွေ
လူမှု အသိုင်းအဝိုင်းတွေအတွက် အမေရိကန်က စာနာတဲ့အကြောင်းလဲ ကြေညာချက်မှာဖော်ပြထားပါတယ်။ ကူညီချင်သူတွေအနေနဲ့ ရေကြီးတဲ့ နေရာတွေမှာ လက်တေ့ွအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး လှူဒါန်းကူညီကြဖို့အတွက်ကိုလဲ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG