သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO အပေါ် လေကြောင်း တိုက်ခိုက်မှု နိုင်ငံတကာ စိုးရိမ်


လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်း။
လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်း။
ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က လေကြောင်းအပါအဝင် ထိုးစစ်တွေ အပြင်းအထန် ဆင်နွဲှနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းက စိုးရိမ် မကင်းသံတွေ ထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင် လွတ်မြောက်ရေး တပ်မတော် KIA အပေါ် ထိုးစစ်အတွင်း အစိုးရ တပ်တွေက လေကြောင်းကပါ တိုက်ခိုက်နေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အလေးအနက် ထားပြီး အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ကြေညာ ချက် ထုတ်ပြန်ခဲ့တာပါ။

ဒေသခံ အရပ်သားတွေရဲ့ ဘဝတွေကို ထိခိုက်စေမယ့်လုပ်ရပ်တွေ၊ ဒေသတွင်းမှာ ပဋိပက္ခတွေ ကြီးထွားလာစေမယ့်အခြေအနေတွေ မဖြစ်ရအောင် မြန်မာအာဏာပိုင်တွေအနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အများအပြား ရှိနေသလို လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့ကူညီဖို့ လိုအပ်နေတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတဲ့အကြောင်းကိုလည်း အတွင်းရေးမှူးချုပ်က ကြေညာချက်မှာ သတိပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုတွေ ကြီးထွား လာနေတဲ့အပေါ် သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရက လေကြောင်းအကူနဲ့ တိုက်ခိုက်မှုတွေ ရှိနေတာကို ဝန်ခံပြောဆိုခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးဝါးလာမှာကို စိုးရိမ်တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နျူလန်က ပြောလိုက်တာပါ။

“ကချင်ဒေသအတွင်း စစ်ဆင်ရေးမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့လက်နက်တွေ သုံးခဲ့တယ်ဆိုတာကို မြန်မာအစိုးရဘက်ကနေ ဒီနေ့ဝန်ခံပါတယ်။ အကြမ်းဖက်မှုတွေ ပိုတိုးလာတာနဲ့ ပတ်သက်လို့ ကျမတို့ အထူးပဲ စိုးရိမ်မိပါတယ်။ KIA နဲ့ မြန်မာအစိုးရကြား ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို့ ကျမတို့ ဆက်ပြီး တိုက်တွန်းချင်ပါတယ်။

ကချင်ဒေသဟာ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အပြီး ပဋိပက္ခတွေကျန်နေသေး တဲ့ နောက်ဆုံးနေရာလို ဖြစ်နေပြီး မြန်မာအစိုးရအနေနဲ့ တခြားတနေရာမှာ ညှိနှိုင်းဖြေရှင်းသလိုမျိုး စစ်မှန်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ကျမတို့ တိုက်တွန်းချင်ပါတယ်။”

လူ့အခွင့်အရေးစောင့်ကြည့်အကဲခတ် အဖွဲ့ကြီး HRW ကတော့ ကချင်ဒေသ စစ်ပွဲအပေါ်မှာ ရှုတ်ချလိုက်ပြီး နှစ်ဘက်စလုံးအနေနဲ့ စစ်ဖြစ်နေတာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်ဘူးဆိုတာကို သဘောပေါက်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဖေးလ် ရော်ဘင်ဆဲန်က အခုလို ပြောပါတယ်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကချင်ဒေသတဝန်းမှာ လူသားချင်းစာနာမှု အထောက်အကူတွေ ရရှိရေး တောင်းဆိုဖို့ လိုအပ်ပါတယ်။ စစ်ဖြစ်နေတဲ့ နှစ်ဘက်လုံးမှာပါ။ အစိုးရက သူထိန်းချုပ်ထားတဲ့ ဒေသက စစ်ကြောင့် အိုးအိမ်ပစ် ထွက်ပြေးရသူတွေကို ကူညီခွင့်ပြုထားပေမဲ့ WFP တို့လည်း OCHAR တို့လို အကူအညီပေးရေးအဖွဲ့တွေကို KIO ထိန်းချုပ်ထားတဲ့ဘက်က အိုးအိမ်ပစ် ထွက်ပြေးရသူတွေကိုတော့ သွားရောက်ကူညီခွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။ အကြောင်းကတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့်ရရင် အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြေးရသူတွေအတွက် တကယ်တန်း လိုအပ်တဲ့အထောက်အပံ့တွေ ပေးနိုင်မှာဖြစ်သလို ကချင်ပြည်နယ်တဝန်းမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကိုလည်း သိရှိလာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါ့အပြင် နှစ်ဘက်စလုံးက တိုက်ပွဲတွေ ဆက် တိုက်နေကြမယ်ဆိုရင် နှစ်ဘက်လုံးကို ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက KIA နဲ့ မြန်မာ့တပ်မတော်ကို ဖိအားပေးလုပ်ဆောင်နေမှုကိုလည်း အထောက်အကူ မဖြစ်စေဘူးဆိုတာကို နှစ်ဘက်လုံးက သဘောပေါက်ဖို့ လိုအပ်ပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ကချင်ဒေသ စစ်ပွဲတွေအပေါ်မှာ ဆန့်ကျင်ရှုတ်ချကြပြီး စစ်ဘေးသင့်တဲ့ အိုးအိမ်ပစ် ထွက်ပြေးကြရသူတွေကို အကူအညီပေးခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြောခွင့်ရသူကတော့ လေကြောင်း အကူတွေဟာ အမောင်းသင်လေယာဉ်တွေသာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရသူတို့ကတော့ အစိုးရနဲ့ ကချင်လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG