သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေ အရေးယူဖို့ ဘန်ကီမွန်းတိုက်တွန်း


ရခိုင် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ရာကျော်ရှိ သွားပြီဖြစ်ပါတယ်။
ရခိုင် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ရာကျော်ရှိ သွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဥပဒေမဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိဖို့ မျှော်လင့်တယ်လို့ သူ့ဆန္ဒကို ပြောသွားပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ တနင်းနွေနေ့ကစပြီး နောက်တကျော့ဖြစ်လာတဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ရပ်တန့်သွားရေးအတွက် မြန်မာအစိုးရဖက်က အရေးယူကိုင်တွယ်မှုတွေလုပ်ဖို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားတာပါ။ ဒီတခေါက် အကြမ်းဖက်မှုတွေ မီးရှို့မှုတွေဟာ ရခိုင်ပြည်နယ်တွင်း မြို့နယ်ခြောက်မြို့နယ်မှာ အဓိက ဖြစ်ခဲ့ပြီး၊ ဒီကနေ့ထက်အထိ အချို့နေရာတွေမှာ ကျို့ကြား မီးရှို့တိုက်ခိုက်မှုလေးတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းစပြီး ရခိုင်ပြည်နယ်အတွင်းက ဒေသခံရခိုင်လူမျိုးဗုဒ္ဓဘာသာတွေနဲ့ ဘင်္ဂလီနွယ် မွတ်ဆလင်တွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အစိုးရအာဏာပိုင်တွေဖက်က အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ဒီနောက် အစိုးရဖက်က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးခဲ့သလို၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကိုလည်း အဲဒီ ဖြစ်ပျက်ခဲ့တဲ့နေရာတွေကို သွားရောက်ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ အခုတခေါက်မှာ ရုတ်တရက်ဆိုသလို အကြမ်းဖက်မှုတွေကြောင့် ရက်တိုတိုအတွင်းမှာပဲ လူ အသေအပျောက်တွေ မထင်မှတ်လောက်အောင် များပြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အခုဆိုရင် အာရှနဲ့ကမ္ဘာမှာ သည်ခံနယားလည်နိုင်မှုနဲ့ သဘောထားပျော့ပြောင်းမှုတွေမှာ စံပြလို ဖြစ်ဖို့အားထုတ်နေချိန်မှာ၊ ဒီလိုဖြစ်ရပ်တွေကြောင့် ဒီပုံရိပ်ကို မထိခိုက်စေချင်ဘူးလို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မစ္စတာNesirlky က ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့လည်း ဒီ တင်းမာမှုတွေလျှော့ကျသွားဖို့နဲ့ ဒေသတွင်း လူမှုသဟဇာတဖြစ်လာစေဖို့ ဆောင်ရွက်နိုင်သမျှ အားလုံး ကူညီဆောင်ရွက်သွားဖို့အဆင်သင့်ရှိပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ပြောခွင့်ရသူက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အခု အဖြစ်အပျက်တွေကြောင့် မြန်မာနိုင်ငံမှာ အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေါ်လုပ်ငန်းတွေကို ထိခိုက်လာမှာလည်း စိုးရိမ်ရတယ်လို့ ထပ်လောင်း ပြောခဲ့ပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ နိုင်ငံံခြားရေးဌာနကလည်း အခု ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုတိုတုတ်တုတ်တုန့်ပြန်သွားပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံဟာ ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ ရှိနေစေဖို့ မျှော်လင့်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောသွားတာပါ။
အခု နောက်ဆုံးအခေါက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာတွေမှာ ရခိုင်က စီးပွားရေးအရ အချက်အချာကျတဲ့ ကျောက်ဖြူမြို့လည်း ပါဝင်နေပါတယ်။ တရုတ်နိုင်ငံအနေနဲ့က အဲဒီမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဓါတ်ငွေ့လိုင်းစီမံကိန်း စတင်တဲ့နေရာဖြစ်ပါတယ်။

အခု အောက်တိုဘာလမှာ တကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် လူမျိုးစုချင်းပဋိပက္ခတွေကြောင့်မို့ ဒုက္ခသည်အရည်အတွက်ဟာ ဒုက္ခသည် စခန်းတွေ အတွင်းမှာတင် ၇သောင်း၅ထောင်လောက်အထိ ရှိသွားပြီဖြစ်ပြီး၊ ဒီအတွက် လူသားချင်းစာနာကူညီမှု အထောက်အပံ့တွေ ပိုလို့ လိုအပ်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တူရကီ စစ်ဖက်သုံးလေယဉ်နှစ်စင်းဟာလည်း ရန်ကုန်လေဆိပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ဆိုက်ရောက်ခဲ့တယ်လို့ ရန်ကုန် မျက်မြင်တွေက ပြောပါတယ်။ ဒါဟာလည်း ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် ကမ္ဘာ့အစ္စလာမ်အဖွဲ့ချုပ်ဖက်က ဒါမှမဟုတ် တူရကီနိုင်ငံဖက်က အကူအညီအထောက်အပံ့တွေ ပေးပို့ဖို့ လာရောက်တယ်လို့ တွက်ဆကြပါတယ်။
XS
SM
MD
LG