သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ကချင်အရေးကြောင့် စိတ်အနှောက်အယှက်ဖြစ်


Switzerland နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၂၁ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Navi Pillay မိန့်ခွန်းပြောနေစဉ်
Switzerland နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၂၁ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Navi Pillay မိန့်ခွန်းပြောနေစဉ်
မြန်မာနိုင်ငံမှာ အခုထက်ထိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်နာမင်းကြီး Navi Pillay ပြောကြား လိုက်ပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေ အတွင်း ဖြစ်ပွါးနေတဲ့ အကြမ်းဘက်မှုတွေအတွက်တော့ စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်ကပြောပြပေးထားပါတယ်။

မနေ့က တနင်္လာနေ့ Switzerland နိုင်ငံ ဂျနီဗာမြို့မှာစတင်တဲ့ ၂၁ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကေင်စီရဲ့ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီ ပီလေးက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးလုပ်နေတာတွေ့ရတယ်လို့ အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေတာတွေ့ရပါတယ်။ ဒီအထဲမှာ သတင်းမီဒီယာတွေ အပေါ် ကန့်သတ်ပိတ်ပင်ထားတာ တချိုု့ ဖြေလျှော့ပေးတာအပြင် နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီးလွှတ်ပေးတာနဲ့ တရားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမျိုးပါ တွေ့ရပါတယ်။ OHCHR လို့ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက မကြာခင်ကာလတွေ အတွင်း မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆန်မှုတွေ တိုးလုပ်လာသလို မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလအတွက် တကယ့်ကို အထောက်အကူတွေ ပေးခဲ့တယ်လို့ ကျမ ပြောပါရစေ။”

ကုလသမဂ္ဂက မြန်မာနိုင်ငံ လူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၈ခုနှစ်က စပြီး သောမတ်စ် အိုဟေး ကင်တားနားကို ခန့်အပ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ လျော့ပါးစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်စေဖို့ အပြင် အဓမ္မ လုပ်အားစေခိုင်းမှုနဲ့ ကလေးစစ်သား ပပျောက်ရေး အပါအဝင် လူ့အခွင့်ရေး အချိုုးဖေါက်ခံရမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံကို ၆ကြိမ် လာရောက် ခွင့်ရခဲ့ပါတယ်။

နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ လဆန်းမှာပဲ မြန်မာနိုင်ငံကို ၆ရက်ကြာခရီး လာရောက်ခဲ့တဲ့ နောက်မှာ မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အခုထိရှိနေတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။
လူ့အခွင့်ရေး ကော်မရှင်နာမင်းကြီး နာဗီပီလေးကလည်း မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တွေ့နေရပေမယ့် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ကိုတော့ တွေ့နေရဆဲပဲလို့ ပြောပါတယ်။

“ဘာပဲပြောပြော အခုမြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ရခိုင်ပြည်နယ်ထဲမှာ တွေ့နေရပြီး ဒီအကြမ်းဖက်မှု အဓိကရုန်းတွေ ကြောင့် အနည်းဆုံး လူ ၈၈ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း (ရ) သောင်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတာမို့ ဒါဟာ ဒေသခံတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခံစားစေတာပါ။ ဒါ့အပြင် ကချင်ပြည်နယ်ထဲမှာလည်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်ပြီး တွေ့နေရသေးတာမို့ ဒါက ကျမတို့ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွါးတဲ့ အဓိကရုန်းတွေနဲ့ ပါတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် လုပ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီး မြန်မာအစိုးရက သြဂုတ်လ ၁ရရက် နေ့မှာပဲ အဖွဲ့ဝင် ၂၈ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေနဲ့ ပါတ်သက်ပြီး အောက်တိုဘာလထဲမှာ ကျင်းပမယ့် ၆၇ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သူ့ရဲ့တွေ့ရှိချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG