သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည်


ဖေဖော်ဝါရီလ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် မစ္စတာကင်တားနား။ ဖေဖော်ဝါရီ ၃၊ ၂၀၁၂
ဖေဖော်ဝါရီလ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် မစ္စတာကင်တားနား။ ဖေဖော်ဝါရီ ၃၊ ၂၀၁၂
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကို သွားရောက် လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှာဖြစ်သလို ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေသခံ ကုလသမဂ္ဂဝန်ထမ်းတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားဟာ သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ခုသီတင်းပတ် စတင်မှာဖြစ်တယ်လို့ ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။
“မြန်မာအစိုးရက ကျနော့်နောက်ထပ်ခရီးအတွက် သဘောတူခဲ့ပါတယ်။ ခရီးစဉ်ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက ကျနော့်ကို ရခိုင်ပြည်နယ် သွားရောက်ခွင့်ပြုတဲ့အတွက် အဲဒီက လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင် လေ့လာစုံစမ်းခွင့် ရမှာဖြစ်ပါတယ်။”
မစ္စတာကင်တားနားဟာ သူ့ရဲ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို ရောက်ရှိစဉ် ဇွန်လက ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ အရေးကိစ္စအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့် အရေးအခြေအနေတွေကို ဒေသခံတွေအပြင် အာဏာပိုင်တွေနဲ့ပါတွေ့ဆုံပြီး ကိုယ်တိုင် သွားရောက် စစ်ဆေးခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းပြီး ရုံးတင်စစ်ဆေးခြင်းခံနေရ တဲ့ ဒေသခံ ကုလသမဂ္ဂဝန်ထမ်းနဲ့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ဝင် စုစုပေါင်း ဆယ်ဦး တို့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း သူ အလေးပေး ဆောင်ရွက်သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“ကျနော် တွေ့လိုပါတယ်။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွက် အရေးကြီးတဲ့အချက်ပါ။ ဒီ ကုလ သမဂ္ဂဝန်ထမ်းတွေအားလုံး လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ကျနော့်ဘက်က အရေးတကြီး လိုလားချက်ကတော့ ဒီ ကုလသမဂ္ဂဝန်ထမ်းတွေ လွတ်မြောက်ဖို့ပါ။ ဒီလူတွေက ကုလဝန်ထမ်းတွေ ဖြစ်တာမို့လို့ ကုလသမဂ္ဂကိုယ်စားလှယ်တဦး အနေနဲ့ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အထူးပဲ ခံစားမိပါတယ်။
“ရခိုင်ပြည်နယ်မှာ အဖမ်းခံထားရတဲ့ တခြား NGO ဝန်ထမ်းတွေအတွက်လည်း ထိုနည်း လည်းကောင်းပါ။ ဒီလူတွေနဲ့ပတ်သက်လို့ တရားစီရင်မှုဟာလည်း နိုင်ငံတကာ စံနှုန်းစံထားနဲ့ မညီတာကြောင့် ကျနော့်အနေနဲ့ကတော့ ဒီ တရားစီရင်မှုတွေကို လက်မခံနိုင်ပါဘူး။ ဒီ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း တောင်းဆိုသွားမှာပါ။”
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် သိသာတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မြင်တွေ့ရတဲ့အတွက် သူ့အနေနဲ့ အားရ ကျေနပ်မိပေမဲ့လို့လည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အကဲစမ်းမှုတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။
အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ဖမ်းဆီးခံနေရတဲ့ အခြေအနေအပြင် စီးပွားရေး လမ်းပွင့် လာမှုနဲ့အတူ တရားဥပဒေစိုးမိုးရေးနဲ့ အလုပ်သမားအခွင့်အရေးတို့လည်း ပါဝင်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
တိုင်းရင်းသား ရပိုင်ခွင့်များနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့အချက်ဟာလည်း သူ့အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။
“နိုင်ငံမှာအရေးကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးက ခုလိုမျိုး မြန်မာနိုင်ငံမှာ သမိုင်းကြောင်း အရ ပြဿနာဖြစ်နေတဲ့ကိစ္စကို လွှတ်တော်မှာ ဆွေးနွေးတင်ပြတာ သတင်းကောင်းပါ။ တိုင်းရင်းသားလူနည်းစုတွေကို ဘယ်လို စုစည်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်အောင် လုပ်ဆောင်ဖို့ပါ။ ဒါဟာလည်း ကျနော် စိုးရိမ်မကင်းဖြစ် တဲ့ တစိတ်တပိုင်းပါ။
“သမိုင်းကြောင်းအရ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ရရှိရေးအတွက် လွှတ်တော်မှာ သူတို့ဆိုင်ရာကိုယ်စားလှယ်တွေ ရှိနေကြပေမဲ့ သူတို့ ဘယ်လို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရကြမလည်းဆိုတာ ကျနော် ပူပန်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေကို လေးစားမယ့် ဥပဒေသစ် ပြဌာန်းရေး စသည်ဖြင့် အရေးကြီး လှပါတယ်။”
မစ္စတာကင်တားနားဟာ ခုတခေါက် ကချင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ မြန်မာအစိုးရထံ ခွင့်ပန်ခဲ့ပေမဲ့လို့လည်း ရက်အခက်အခဲကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။
သူ မြန်မာနိုင်ငံကို ရောက်ရှိစဉ် နေပြည်တော်မှာ အစိုးရထိပ်တန်းအရာရှိတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ဒေသခံ NGO တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ သူပြန်မယ့် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
သူ့ရဲ့ တွေ့ရှိချက်များကိုတော့ အောက်တိုဘာလကျ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အစီရင်ခံစာတင်သွင်းမယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG