သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ကြောင်းပြန်လှည့်မှုတွေ ဖြေရှင်းဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee

မြန်မာ့အသွင်ကူးပြောင်းရေးကာလ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းတာမျိုး မရှိတာကြောင့် တိုးတက်နေတဲ့ ရလဒ်တွေကို ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေ နှောင့်နှေးနေတယ်လို့လည်း ပြောသွားတာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို ပထမဆုံးအကြိမ် အစီရင်ခံ တင်ပြခဲ့တာပါ။

“နောက်ကြောင်းပြန်လှည့်ချင်တဲ့ လက္ခဏာတွေရှိနေပြီး ဒါတွေကို ဖြေရှင်းမပေးနိုင်ဘူးဆိုရင် လူ့အခွင့်အရေးကို လေးစားပြီး အကာအကွယ်ပေးတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ပါဝင်ဖို့ မြန်မာအစိုးရရဲ့ ကြိုးစားလုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်တဲ့အဆင့်ရောက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ကြိုးစားရမှာဖြစ်တယ်ဆိုတာ ကျမ အကြံပြုထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီးကြောင်း ကျမ ထပ်ပြီး တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေ ဆိုးရွားနေဆဲပဲလို့ Yanghee Lee က ထုတ်ဖော်ပြောဆိုသွားပါတယ်။

“ဇူလိုင်လတုန်းက ကျမသွားခဲ့တဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေရဲ့အခြေအနေဟာ အတော်လေးကို ဆိုးရွားနေတာ တွေ့ခဲ့ရပါတယ်။ ရခိုင်ဗုဒ္ဓဘာသာနဲ့ မူဆလင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း နှစ်ခုလုံးရဲ့ အခြေအနေတွေ ကောင်းမွန်လာအောင် အမြန်ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ တရားဝင်နေထိုင်ခွင့် မရှိတာကြောင့် ခွဲခြားဆက်ဆံခံရပြီး အခြေအနေ ပိုဆိုးနေတာပါ။”

မစ္စ Yanghee Lee ရဲ့ အစီရင်ခံပြောဆိုချက်တွေကို မြန်မာအစိုးရအနေနဲ့ လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင် က တုံ့ပြန်ပြောဆိုသွားပါတယ်။

“ကျနော်တို့ အဓိကသဘောမတူတဲ့ အချက်ကတော့ သူရဲ့အစီရင်ခံစာမှာ ထောက်ပြထားတဲ့ နောက်ကြောင်း ပြန်လှည့်နိုင်ချေ ရှိနေတယ်ဆိုတဲ့အချက်ပါ။ ဒီလိုကောက်ချက်ချဖို့ အကြောင်းပြချက် မရှိဘူးလို့ မြန်မာအစိုးရက မြင်ပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာအစိုးရခေါင်းဆောင်ပိုင်းရဲ့ ပြုပြင်ပြောင်းလဲရေး တစိုက်မတ်မတ် ဆောင်ရွက်ချက်တွေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အပြုသဘောဆောင် သုံးသပ်ချက်နဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေတာပါ။”

Yanghee Lee ရဲ့ အစီရင်ခံပြောဆိုချက်တွေမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြသွားတာ တွေ့ရတဲ့အတွက် အားရမိတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“လာမယ့်နှစ် ဇန်နဝါရီလမှာ အထူးကိုယ်စားလှယ် မြန်မာပြည်ကို သွားတဲ့အခါကျရင်တော့ ဒီကိစ္စရပ်တွေက ဘယ်လိုအထိ ထိရောက်မှု ရှိလာမလဲဆိုတာတွေကို ကျနော်တို့ သိရမှာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့သူတွေကိုပဲ ဖမ်းဆီးထားတာ ရှိပါတယ်လို့ အစိုးရကိုယ်စားလှယ်က ပြောသွားတာရှိတယ်။ သို့သော်လည်းပဲ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေထဲမှာ နာမည်တွေနဲ့တကွ တင်ပြထားတာကို ကျနော်တို့ ကြားသိလိုက်ရပါတယ်။”

အင်္ဂါနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မစ္စ Yanghee Lee ပြောဆိုချက်တွေထဲမှာ ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းအတိုင်း ကျင်းပဖို့ လိုအပ်တဲ့အပြင် တရားမျှတမှုရှိဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကဲခပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

နောက်ပြီး တိုင်းရင်းသားဒေသတွေမှာ မတရားဖမ်းဆီးထိန်းသိမ်းပြီးနောက် အသတ်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ မကြာသေးခင်က စစ်တပ်လက်ထဲမှာ သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အပါအဝင် အခြား တရားဥပဒေပြင်ပ ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုတွေ ရှိနေသေးတယ်လို့လည်း ပြောဆိုပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ၂၀၁၅ ဇန်နဝါရီမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ ရှိတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ Yanghee Lee က ပြောဆိုသွားပါတယ်။

XS
SM
MD
LG