သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးထင်လင်းဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလတောင်းဆို


(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)

သာသနာညှိုးနွမ်းစေမှုနဲ့ စာရေးဆရာ ဦးထင်လင်းဦးကို မြန်မာအစိုးရက ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း UNHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

သူ့အပေါ် အခုလို ပြစ်ဒဏ်စီရင်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း တခြား ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေအတွက် ပြောဆိုလုပ်ဆောင်နေ သူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ အစိုးရရဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့အညီ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဦးထင်လင်းဦးကို အဲဒီလို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာနဲ့ပတ်သက်လို့ UNHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ထည့်သွင်း ပြောဆိုသွားတာပါ။

“သာသနာညှိုးနွမ်းစေမှုနဲ့ ဦးထင်လင်းဦးကို မြန်မာအစိုးရက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး အစွန်းရောက်ဝါဒကို လုပ်ကိုင်နေကြတဲ့သူတွေကို သူ့အနေနဲ့ သတ္တိရှိစွာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် အခုလို ပြစ်ဒဏ် စီရင်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း တခြား ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေအတွက် ပြောဆို၊ လုပ်ဆောင်နေသူတွေ၊ လူနည်းစုတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်ပေးနေသူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။”

အဲဒီလို ရိုဟင်ဂျာတွေကို အမုန်းတရား ပြန့်ပွားအောင် ပြောင်ပြောင်းတင်းတင်း ဟောပြောနေသူတွေ၊ အကြမ်းဖက် ဆူပူမှု ဖြစ်ပေါ်အောင် လုပ်ဆောင်နေသူတွေကို အရေးယူခြင်းမရှိဘဲ ဘာသာတရားကို ခုတုံးလုပ်ပြီး အစွန်းရောက်ဝါဒကို စွဲကိုင်ထားသူတွေရဲ့ လုပ်ရပ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ထောက်ပြပြောဆိုသူကို အာဏာပိုင်တွေက ပြစ်ဒဏ် စီရင်ခြင်း ဖြစ်တယ်လို့ UNHCHR ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူ့ကို ချက်ခြင်း လွှတ်ပေးဖို့ UNHCHR က တောင်းဆိုကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။

“ဦးထင်လင်းဦးကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့အတွက် UNHCHR ရုံးအနေနဲ့ တောင်းဆိုပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နေသူတွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကြောင့် လက်စားချေခံရတဲ့ အဖြစ်မျိုးနဲ့ ရင်မဆိုင်ရအောင် အာဏာပိုင်တွေဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။”

ဦးထင်လင်းဦးအမှုမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ဥပဒေလမ်းကြောင်းအရ အားနည်းချက် တော်တော်များများရှိတာကို တွေ့ရတယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦး ကပြောပါတယ်။

“ဆရာထင်လင်းဦးရဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ တရားလိုရဲ့ စစ်မေးချက်၊ သက်သေတွေရဲ့ စစ်မေးချက် စတဲ့ဥစ္စာတွေ ကျနော်တို့ လက်ခံရရှိပြီးပြီ ဖြစ်ပါတယ်။ အဲတော့ အဲဒီလို လက်ခံရရှိထားတဲ့အခါမှာ တရားလိုအဖြစ် တရားစွဲဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တရားလို ဦးထွန်းခိုင် ကိုယ်တိုင်ကိုယ်က ဒီပွဲကို သွားခဲ့တာမဟုတ်ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ကာ ဒီပွဲမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကနေပြီးတော့ တခါပြန်တဆင့် ကူးယူထားတယ်။ ပြန်တဆင့် ကူးယူထားပြီးတော့ လိုချင်တဲ့ အချက်အလက်တွေကိုပဲ မှင်နီနဲ့တားပြီးတော့ တရားရုံးမှာ အမှုစွဲတင်ဖို့အတွက် တိုင်စာရေးဖွင့်တယ်လို့ ကျနော်တို့သိရပါတယ်။ နောက်တခါ အားနည်းချက်တခုက ဒီမြို့နယ် သံဃာ့နာယကအဖွဲ့ကနေပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အရေးယူရပါတယ်လို့ ပြောတယ်။ အဲတော့ ဒီမြို့နယ်သံဃာ့နာယက ဆရာတော်တပါးပါးကိုတောင်မှ သက်သေအဖြစ် မထည့်သွင်းထားဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ဥပဒေပိုင်းအရ ကြည့်မယ်ဆိုရင်တော့ အားနည်းချက် တော်တော်များများ ရှိပါတယ်။”

ဦးထင်လင်းဦး အမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေး စတဲ့ တခြားရည်ရွယ်ချက်တွေ ပါနေတယ်လို့ ယူဆတဲ့အတွက် သူ့ကို လွှတ်ပေးဖို့ အာရှလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုကြောင်း ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“အခုလို အမိန့်ချလိုက်တာကတော့ ကျနော်တို့ ဒီ အမျိုးဘာသာ သာသနာဆိုတဲ့ သာသနာရေးအဖွဲ့က ဖိအားပေးတာတွေလည်း ပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်အစိုးရကနေပြီးတော့ ဆရာဦးထင်လင်းဦးရဲ့ အခြား နိုင်ငံရေးလုပ်ဆောင်မှုတွေကိုပါ ကန့်သတ်ချင်တဲ့အတွက် အခုလိုမျိုး ၂ နှစ် ပြစ်ဒဏ်ပေးတယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့လည်း တောင်းဆိုထားပါတယ်။”

မေး။ ။ သူ့မိသားစုကတော့ ထပ်အယူခံဝင်မယ်လို့တော့ ပြောတယ်နော်။

ဖြေ။ ။ “ဟုတ်ပါတယ်။ ဒါကတော့ ဝင်ရမယ့်ကိစ္စဖြစ်တယ်။ ဒါမှလည်း ရှေ့ဆက်ပြီးတော့ လုပ်စရာရှိတဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ဆက်လက် ပါဝင်လုပ်ဆောင်နိုင်မယ်။ မိမိရဲ့ တခြားစီးပွားရေးလုပ်ငန်းတွေသော်လည်းကောင်း၊ ကျောင်းတွေဖွင့်ထားတယ်ဆိုတော့လည်း ကျောင်းတွေမှာ ဆက်လက် လုပ်ကိုင်ဖို့အတွက်က နောက်ကြောင်းရာဇဝင်တွေ ရှင်းဖို့လိုတယ်။ ပြစ်မှုကင်းတယ်ဆိုတဲ့ အချက်အလက်တွေ လိုအပ်တဲ့အတွက် ဒါကတော့ သူတို့ တက်ရမှာပေါ့။”

ဦးထင်လင်းဦးအပေါ် စွဲချက်တင်ထားတဲ့ စုစုပေါင်း အမှု ၂ မှုထဲက တခြားအမှုဖြစ်တဲ့ ပုဒ်မ ၂၉၈ - ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ ပြောဆို၊ ပြုမူခြင်းဆိုတဲ့ အမှုကိုတော့ လွှတ်ပေးလိုက်ပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ NLD ပါတီက ဦးဆောင်ကျင်းပတဲ့ စာပေဟောပြောပွဲမှာ တက်ရောက် ဟောပြောတဲ့အချိန် ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေထဲမှာ သာသနာညှိုးနွမ်းစေမှုနဲ့ဆိုင်တဲ့ အချက်တွေ ပါဝင်တယ်ဆိုပြီး စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အမှုကိုတော့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနအရာရှိ ဦးထွန်းခိုင်က တရားလို ပြုလုပ်ပြီး သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၈ နဲ့ ပုဒ်မ ၂၉၅ (က) တို့နဲ့ ၂၀၁၄ ဒီဇင်ဘာလ ၄ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ စာရေးဆရာ ထင်လင်းဦးအပေါ် တရားစီရင်ပုံတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီပုဒ်မတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာယုံကြည်မှုကို ထိခိုက်နေတာကြောင့် ဒီလိုပုဒ်မမျိုးကို ပယ်ဖျက်ဖို့ တောင်းဆိုကြောင်း A.I နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG