သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမရိုးကျလက်နက် ကန့်သတ်ရေး ၃ နိုင်ငံကန့်ကွက်


အမေရိကန် ဒေါ်လာ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် ဥပဒေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ သဘောတူညီချက်အပေါ် အီရန်၊ ဆီးရီးယား နဲ့ မြောက်ကိုးရီးယားတို့က ကန့်ကွက်လိုက်ပါတယ်။

ဒီသဘောတူညီချက်ကို အတည်ပြုဖို့အတွက် ကြာသာပတေးနေ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးရဲ့စေ့စပ် ညှိနှိုှုင်းမယ့်အစည်းအဝေးမှာ အဖွဲ့ဝင်တွေရဲ့ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ညွန့်ပေါင်းအဖွဲ့နိုင်ငံတွေက ကုလ အထွေထွေညီလာခံ ကနေ အတည်ပြု ပြဌာန်းဖို့ မျှော်လင့်နေပြီး လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း သိရပါတယ်။ ဒီ သဘောတူစာချုပ်ကို ဥပဒေအဖြစ် အတည်ပြု ပြဌာန်း လိုက်ခြင်းအားဖြင့် သမရိုးကျ လက်နက်တွေကို ရောင်းဝယ်ဖောက်ကား တင်ပို့ လွဲပြောင်းမှုတွေမှာ နိုင်ငံတကာက လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။

လက်နက်တွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အသုံးမပြုဖို့ အရေးယူ ဆောင်ရွက်မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်မူကြမ်းဟာ သူတို့နိုင်ငံတွေရဲ့ လိုအပ်ချက်အတွက် လုံလောက်တဲ့ စည်းမျဉ်းတွေမဟုတ်ဘဲ နိုင်ငံရေးအရ အားပေးမှုရှိပြီး တရားမျတမှုလည်း မရှိဘူးလို့ အီရန်၊ ဆီးရီးယားနဲ့ မြောက်ကိုးရီးယားနိုင်ငံတွေက ရှုမြင်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး လက်နက် တင်ပို့ရောင်းချတဲ့ အမေရိကန်နိုင်ငံကလည်း ဒီဥပဒေမူကြမ်းရဲ့ အပိုင်းတချို့နဲ့ ပတ်သက်လို့ အစောပိုင်းက ကန့်ကွက်မှု တချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့ကတော့ ဒီဥပဒေဟာ တရားမျတပြီး အလျှင်အမြန် အတည်ပြုချက်ရဖို့အတွက် အမေရိကန်နိုင်ငံက မြှော်လင့်နေတယ်လို့ အမေရိကန် သံတမန်တဦးက ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကို အလျှင်အမြန် ပြဌာန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးက ပြောဆိုလိုက်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်နိုင်တယ်လို့ သံတမန်တွေက ပြောကြပါတယ်။
XS
SM
MD
LG