သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း ဒုက္ခသည်တွေအရေး ကုလလွန်စွာစိုးရိမ်


ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် ၅ ထောင်နီးပါး အိမ်မပြန်နိုင်ကြသေးဘဲ ရှိနေဆဲဖြစ်ပြီး၊ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သူ အဖွဲ့စည်းအားလုံးအနေနဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲအတွင်း တိုက်တွန်းထားတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS/SSA လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအာင်း-ပလောင်လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် - ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ထောင်ပေါင်းများစွာ ရှိနေသလို၊ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီးတော့ - စိုးရိမ်မကင်းဖြစ်ရကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Renata Lok-Dessallien က မတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က အခုလို ပြောဆိုပါတယ်။

“ဒေသခံအရပ်သားတွေအပေါ် တိုက်ရိုက် ဆိုးကျိုးတွေ ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တင်းမာမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း ပြောကြားလိုပါတယ်။ မကြာသေးခင် ရက်တွေအတွင်း တိုက်ခိုက်မှုတွေ လျော့ပါးသွားတဲ့အတွက် တချို့လူတွေ အိမ်ပြန်နိုင်ကြပေမဲ့ စစ်ရှောင်ဒုက္ခသည် ၃,၄၀၀ လောက် ကျောက်မဲမြို့နယ်ထဲမှာ ရှိနေဆဲဖြစ်သလို၊ နမ့်ခမ်းမြို့နယ်ထဲမှာလည်း ၁၂,၀၀၀ လောက်ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ အစိုးရနဲ့ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ကုလသမဂ္ဂက ကယ်ဆယ်ရေးပစ္စည်းနဲ့ အကူအညီတွေ ပေးနေပါ တယ်။”

ဒီအတောအတွင်းမှာပဲ - မြန်မာအစိုးရတပ်တွေဘက်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ ဒေသတွေမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစလို့ တပ်အင်အားတွေ အလုံးအရင်းနဲ့ တိုးပြီး ချလာတာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာမှာကို ဒေသခံတွေကြား စိုးရိမ်နေကြ တာပါ။ မြန်မာစစ်တပ်ဘက်က အခုလို တပ်အင်အား တိုးချဲ့ပြီး ထိုးစစ်တွေ အရှိန်မြှင့်လာရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ - TNLA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော် က အခုလို ပြောပါတယ်။

“လက်ရှိ ငြိမ်းချမ်းရေးကို မထိခိုက်အောင်လို့ ကျနော်တို့ အဖွဲ့က အတတ်နိုင်ဆုံး ရှောင်တယ်။ ရှောင်လို့မရရင်တော့ တိုက်ပွဲက ပြန်ဖြစ်မှာပဲ။ ကျနော်တို့အထင်ကတော့ အစိုးရက အင်အားသုံးပြီး ဖြေရှင်းတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး။ အစိုးရအကူးအပြောင်းမှာ တိုက်ပွဲ မဖြစ် ဖြစ်အောင်ကို ဖန်တီးနေတယ်လို့ မြင်တယ်။”

ဒါ့အပြင် နမ့်ခမ်းဒေသတဝိုက်မှာ မြန်မာစစ်တပ်ရဲ့ အင်အား အလုံးအရင်းနဲ့ တိုးချဲ့လာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်ပြီး၊ ဒုက္ခသည်တွေ အခုထက် ပိုများလာမှာကို ဒေသခံတွေကြားမှာလည်း စိုးရိမ်နေကြတာပါ။ ဒါကြောင့် လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အတတ်နိုင်ဆုံး ဆွေးနွေး အဖြေရှာကြဖို့ကို မစ္စတာ Haq က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သူ အားလုံးအနေနဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း သတိပေးလိုပါတယ်။ ဒီနေရာမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်တာ၊ ပဋိပက္ခဖြစ်ရာ ဒေသက ထွက်ပြေးသူတွေကို ဘေးအန္တရာယ်ကင်းကင်း သွားခွင့်ပြုဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ရနိုင်ဖို့၊ အရပ်သားတွေ ထိခိုက်မှုမရှိအောင် တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးပမ်းဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခမှာ ပါဝင်သူ အားလုံးအနေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ရင်တောင်မှ အားလုံးအတွက် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းလိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ညွှန်ကြားရေးမှူး John Ging ရဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း - တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ တိုက်ပွဲတွေ အတွင်း မြေမြှုပ်မိုင်းအသုံးပြုနေတာတွေနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြောင်းကို ထည့်သွင်းပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယားဟာလည်း မြန်မာနိုင်ငံကို ဒီရက်ပိုင်းသွားရောက်ခဲ့ပြီးတော့ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီး - မကြာခင် အစိုးရသစ်ဖြစ်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - NLD အစိုးရတက်လာတဲ့အခါ - ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG