သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေစိုးမိုးရေး သည် မြန်မာအတွက် စိမ်ခေါ်မှု


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် ကို သွားရောက်လေ့လာခဲ့စဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၂။)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် ကို သွားရောက်လေ့လာခဲ့စဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၂။)
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဟာ အစိုးရအတွက်သာမက
လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အားလုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
သောမတ် ကိုဟေး ကင်တားနားက ပြောပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ
ရခိုင်ပြည်နယ်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး အထက်အမိန့်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခြေအနေတွေကို ထိန်းသိမ်းမှု
ကြိုးပမ်းမှုမျိုး သာရှိတယ်လို့ မစ္စတာ ကင်တားနားက ဗွီအိုအေ
မြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့
ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

တရားဥပဒေစိုးမိုးဆိုတာဟာ ရခိုင်ဒေသက ပဋိပက္ခကို ရေတို ထိန်းသိမ်းရေး အတွက်ရော ရေရှည်ဖြေရှင်းရေးအတွက်ပါ အရေးတစ်ကြီး လိုအပ်နေတယ် ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ခေါင်းဆောင် များ နှင့်တကွ နိုင်ငံတကာ ကပါ ပြောဆို ထုတ်ပြန် နေကြတာဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်သာမကပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာပါ တရားဥပဒေ တည်ဆောက်ရေးဟာ
အခြေခံလိုအပ်ချက်ကြီးတစ်ရပ်ဖြစ်နေပြီး ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးက
တာဝန်ယူ ဆောင်ရွက်ရမဲ့ ကိစ္စဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက
ပြောသွားပါတယ်။

"ကျနော့်အယူအဆကတော့ တရားဥပဒေစိုးမိုးရေး ဆိုတာဟာ
မျှော်လင့်ချက် တစ်ရပ်ဖြစ်ပါတယ်။ လက်တွေ့အခြေအနေကတော့
ဆယ်စုနှစ်တွေ နဲ့ချီပြီး စစ်အစိုးရအုပ်စိုးခဲ့တဲ့ မြန်မာနိုင်ငမှာ
တရားဥပဒေ စိုးမိုးရေး မရှိပါဘူး။ ဒါဟာ အစိုးရအတွက်သာမက လွှတ်တော်အပါအဝင်
သက်ဆိုင်သူအားလုံး အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး
ကော်မတီ တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် အမှုးပြုပြီး ဖွဲ့စည်း ပေးထားတာလည်း သိရပါတယ်။

ဒီအဖွဲ့အစည်း အပါအဝင် သက်ဆိုင်သူတွေ ဟာ ယုတ်စွ အဆုံး တရားဥပဒေ စိုးမိုးရေးအတွက် အခြေခံဘောင်တစ်ရပ်ကို ဦးစွာချမှတ်သင့်ပါတယ်။ တရားဥပဒေ လုံးဝ ကင်းမဲ့နေတယ်ဆိုတဲ့ နမူနာကိုတော့ ရခိုင်ပြည်နယ်မှာ တွေ့မြင်နေရပါတယ်။ အဲ့ဒီ့ကပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ဥပဒေစိုးမိုးရေးကို အခြေခံချမှတ်ထားတဲ့ မူဝါဒမျိုး မတွေ့ရပါဘူး။ အမိန့်နဲ့ လုံခြုံရေးအဖွဲ့တွေဟာ အခြေအနေကို လိုက်ထိန်းနေတာပဲရှိပါတယ်။”

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို ရခိုင်က ပဋိပက္ခလိုဟာမျိုးကို ဝင်ရောက်ထိန်းသိမ်းကြတဲ့နေရာမှာလည်းပဲ အင်အားသုံးတဲ့အခါ တခါတခါ ပိုသွားတာ ရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ဖြစ်နေရတယ်လို့ မစ္စတာကင်တာနားက ထောက်ပြပါတယ်။

“ဒေသန္တရအဆင့်မှာလည်း ပြဿနာရှိပါတယ်။ ဒီအဆင့်မှာ လုံခြုံရေးအာဏာပိုင်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေ လိုက်နာခြင်းမရှိဘူးဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ရထားပါတယ်။ ဒီလိုမလိုက်နာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး အင်အားအလွဲသုံးစား လုပ်တာမျိုးတွေရှိပါတယ်။”

တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဆိုတဲ့နေရာမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်စစ်ဆေးဖို့ လိုအပ်နေတယ်လို့လည်း မစ္စတာကင်တာနားက ဆိုပါတယ်။ အဲ့ဒီ့ဥပဒေအရ မြန်မာနိုင်ငံမှာ ဝင်ရောက်လာခဲ့သူတွေရဲ့ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အချက်ကိုရော ပြင်ဆင်သင့်သလားလို့ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တယ်၊ မပြင်ဆင်သင့်ဘူးဆိုတာ သူ့ရဲ့ သဘောထားကို ပြောဖို့ ငြင်းဆန်ပါတယ်။ဒါဟာ တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးကသာ ဆုံးဖြတ်သင့်တဲ့ကိစ္စလို့ ပြောသွားပါတယ်။

“ဒီပြဌာန်းချက်ဟာ ပြန်ပြီးတော့ သုံးသပ်ရမယ့် အချက်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်လို ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်က သုံးသပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ခင်ဗျားတို့ မြန်မာပြည်သူတွေ၊ အစိုးရသာမက သက်ဆိုင်တဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးက ဆုံးဖြတ်ကြရမှာပါ။ လူထုကိုယ်စားလှယ်တွေ စုဝေးရာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအမတ်တွေကနေ ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်
မစ္စတာသောမတ်အိုဟေးကင်တာနားဟာ လူအုပ်စုလိုက် အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသကို သွားရောက်လေ့လာခဲ့သူဖြစ်ပါတယ်။ မကြာခင်မှာလည်း ကချင်ဒေသနဲ့ အဲ့ဒီ့ရခိုင်ဒေသကို ပြန်လည်သွားရောက်ဖို့ သူစဉ်းစားနေတယ် ပြင်ဆင်နေတယ်လို့ လည်း ပြောကြားသွားပါတယ်။
XS
SM
MD
LG