သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်


Udomsak Ratanotayo (l) and Suttinan Boonsomkiat wear storm trooper costumes while donating blood at the Thai Red Cross in Bangkok, Thailand. Thai Star Wars fans will donate blood and give toys at an orphanage as part of a promotional campaign.
Udomsak Ratanotayo (l) and Suttinan Boonsomkiat wear storm trooper costumes while donating blood at the Thai Red Cross in Bangkok, Thailand. Thai Star Wars fans will donate blood and give toys at an orphanage as part of a promotional campaign.
အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားရောက်ခဲ့ပြီး - ပြည်နယ်အစိုးရအဖွဲ့အပြင် အဲ့ဒီမှာရှိတဲ့ ရခိုင်နဲ့ မူဆလင် ဒုက္ခသည်တွေကိုပါ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ ထိခိုက်သေဆုံးတဲ့အထိ တဘက်နဲ့ တဘက်အကြား ပဋိပက္ခတွေဖြစ်ခဲ့ကြတဲ့ လူမျိုးစု ၂ စုအကြား အတူ ပြန်လည်နေထိုင်နိုင်ရေးကိစ္စ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတဲ့အပေါ် အခြေအနေတွေကို ကိုယ်တိုင် အကဲခတ်ဖို့ သွားရောက်တာဖြစ်သလို၊ ဒီကိစ္စကိုလည်း အစိုးရတာဝန်ရှိသူတွေနဲ့ပါ သူ့ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၄ ရက်ကြာခရီး လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ - မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီနဲ့ အတူ ရခိုင်ပြည်နယ်က အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ် အတွင်း အဓိကရည်ရွယ်ချက်ကတော့ - လအတန်ကြာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လက်ရှိအခြေအနေတွေကို အကဲခတ်ဖို့ဖြစ်သလို ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ မူဆလင်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီးတော့ - ပဋိပက္ခဖြစ်ခဲ့တဲ့ အုပ်စု ၂ စုအကြား ဘယ်လို ပြန်လည် အတူ ယှဉ်တွဲနေထိုင် နိုင်မလဲ ဆိုတဲ့ကိစ္စ ဆွေးနွေးအဖြေရှာဖို့ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က ဗွီအိုအေ ကို ပြောပါတယ်။

“မစ္စတာ Nambiarဟာ မြန်မာနိုင်ငံကို ၁၆ရက်နေ့က ရောက်ပါတယ်။ သူက မြန်မာနိုင်ငံတော် အစိုးရရဲ့ ဖိတ်ကြားချက်အရ လာတာပါ။ သူက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီနဲ့ ရခိုင်ပြည်နယ်ကို သူလိုက်သွားပါတယ်။ ရခိုင်ပြည်နယ်ကျတော့ မစ္စတာ Nambiar လက်ရှိအခြေအနေကို လေ့လာဖို့ အခွင့်အရေး ရခဲ့တာပေါ့လေ။ ဝန်ကြီးအနေနဲ့ ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲဆိုတာပေါ့လေ။ တချို့အကြံပေးတာတွေလည်း ရှိပါတယ်ပေါ့လေ။ အဲ့ဒီ့မှာ မစ္စတာNambiarအနေနဲ့ကလည်း သူ့အနေနဲ့ ဝန်ကြီးပြောတဲ့အထဲမှာ အကြံပြုချက်ကလည်း တော်တော်လေး ဖြစ်နိုင်ခြေရှိတယ်လို့ သူယူဆတယ်ပေါ့လေ။ ဒါလည်း သက်ဆိုင်ရာ လူတွေအားလုံးရဲ့ ဂုဏ်သိက္ခာရယ်၊ သူတို့ရဲ့အခြေအနေကို ထည့်သွင်းစဉ်းစားတယ်လို့ သူယူဆပါတယ်။”

ဒါ့အပြင် မစ္စတာ Nambiar ရဲ့ ၂ ရက်ကြာသွားရောက်တဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းမှာ စစ်တွေမှာရှိတဲ့ မူဆလင်ဒုက္ခသည်စခန်းတွေကိုရော၊ မောင်းတောဘက်က ရခိုင်ဒုက္ခသည်တွေစခန်းတွေကိုပါ သွားရောက်ခဲ့ပြီး - ပဋိပက္ခဖြစ်ခဲ့တဲ့ နှစ်ဘက်စလုံး က ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ တယ်လို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောပြပါတယ်။

“သူက မောင်တောမှာ သွားပြီးတော့ ရခိုင်ဒုက္ခသည်စခန်းမှာရှိတဲ့ သူတွေနဲ့ လည်းတွေ့ခဲ့ပါတယ်။ စစ်တွေမှာတော့ သဲချောင်းတို့၊ ကသိုင်တို့ မူဆလင်ဒုက္ခသည်စခန်းတွေကိုလည်း သွားတယ်။ နှစ်ခုလုံး သူသွားပါတယ်။ ပထမတခုကတော့ သူတို့ အတူတူနေထိုင်ရေးကိစ္စပြောတယ်။ ကျနော်တို့ ရခိုင်တွေဘက်ကတော့ရှိတယ်။ ဒါပေမဲ့ သူတို့မူဆလင်တွေ ဘက်က ခေါင်းဆောင်တွေသွားခေါ်တော့ ကလေးတွေနဲ့ ဆယ်အိမ်မှူးလောက်ပဲ လာတယ်။ ကျန်တဲ့မော်လဝီဆရာတွေက ခေါ်တာ မလာဘူး။ ကျနော်တို့တပ်ကလည်း လုံခြုံရေး အဖွဲ့တွေက ပြောတယ်။ အဲ့တာ သူတို့က မလာကြဘူး။ ဆွေးနွေးတာကျတော့ ဟိုတယ်မှာဆွေးနွေးတာကျတော့ ကျနော်တို့ မပါတော့ဘူးခင်ဗျ။ ပြည်ထောင်စုအဆင့်က အဖွဲ့တွေနဲ့ ကျနော်တို့ပြည်နယ် ဝန်ကြီးချုပ်က အဖွဲ့တွေ ဆွေးနွေးတာရှိပါတယ်ခင်ဗျ။ အဓိက နေထိုင်ရေးရယ်၊ နောက် ဒီမှာရှိတဲ့ စားရေး၊သောက်ရေး ရယ်၊ နေရေးထိုင်ရေး နဲ့ နောက်ကျောင်းတက်မှုအခြေအနေ အဲ့တာလေးပါပဲ။”

လက်ရှိ ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည်တွေ ထပ်တိုးလာတာ မရှိပေမဲ့ - ပဋိပက္ခအတွင်း မီးလောင်ပျက်ဆီးခဲ့ရတဲ့ အိမ်တွေ အကုန် ပြန်ဆောက်လို့ မပြီးသေး တာကြောင့် မောင်းတောဘက် မှာတော့ ဒုက္ခသည်တွေက တော်တော်များများ ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။ ဒီဒုက္ခသည်တွေ အတွက် အရေးပေါ်လိုအပ်နေတာကတော့ - အစားအသောက် နဲ့ ဆေးဝါးဖြစ်တယ်လို့လည်း ဦးဝင်းမြိုင် က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ဒေသခံတွေနဲ့ မူဆလင်တွေအကြား လအတန်ကြာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို စစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို သြဂုတ်လက ဖွဲ့စည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်မှာ လူ ၉၀ နီးပါး သေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ သွေးထွက်သံယို အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် အစိုးရက ထုတ်ပြန်ခဲ့ရတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို စစ်တွေမြို့မှာ အခုထိ ရုပ်သိမ်းခြင်း မရှိသေး ပါဘူး။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Nambiar ဟာ တနင်္လာနေ့ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူ ပေးရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ခရီးစဉ်အဆုံးသတ်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
XS
SM
MD
LG