သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးအကြံပေး Vijay Nambiar ရခိုင်သွားမည်


ကုလ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိထ္ထီလာမြို့ကို သွားရောက်လေ့လာခဲ့။ (မတ် ၂၄၊ ၂၀၁၃)
ကုလ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိထ္ထီလာမြို့ကို သွားရောက်လေ့လာခဲ့။ (မတ် ၂၄၊ ၂၀၁၃)
ရခိုင်ပြည်နယ်က အရေးပေါ် အခြေအနေတွေကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ လိုင်ဇာမြို့ကို သွားရောက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဗဟိုကော်မတီဝင်တွေ နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောပါတယ်။ ဒီလို ကချင်ပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းတာကတော့ လောလောဆည် မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ဖက်ကို ဦးစားပေး သွားရောက်ဖို့ စီစဉ်တာကြောင့်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ ဒီလ ၂၉ရက်နေ့မှာ ကချင်ပြည်နယ် က ကချင်လွတ်လပ်ရေးအဖွဲ့ KIOဌာနချုပ် ကိုသွားရောက်ဖို့အတွက် ဒီလ ၂၀ရက်နေ့ကတည်းက KIOရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ Technical Advisory Team ကို အကြောင်းကြားထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့မှာတော့ ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က အခုလို ပြောပါတယ်။

"အင်း နဂိုကတော့ ဒီနေ့ ရောက်မယ် ပြောတာပဲ။ ဒါပေမဲ့ အခု မသွားဖြစ်တော့ဘူးလို့ သိရပါတယ်ခင်ဗျ။ ရခိုင်ဘက်ကို သွားမယ်။ သူ့ခရီးစဉ်က အချိန်မရဘူးလို့ပြောတယ်။"

ဒီတကြိမ် လိုင်ဇာကို မသွားရောက်နိုင်ပေမဲ့ KIO ခေါင်းဆောင်တချို့နဲ့တော့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

"အရင်အစီအစဉ်ကတော့ ဒီမှာ ရောက်တာနဲ့ ဒီက Technical Team နဲ့ ပြည်နယ်အစိုးရနဲ့တွေ့ပြီးရင် သူက လိုင်ဇာကို သွားမယ်။ မနက်ဖြန်ကို လိုင်ဇာကို နေ့ခြင်းပြန်ပေါ့။ မနက်စောစော သွား၊ ညနေပြန်လာပေါ့။ ပြီးတော့ စခန်းတွေလည်း သွားမယ်။ ပြီးတော့ kIO ဗဟို ကော်မတီဝင်တွေနဲ့ လည်း တွေ့မယ်ဆိုပြီး သူတို့ အဲ့ဒီ့လို စီစဉ်ထားတယ်လို့ သိရတယ်ခင်ဗျ။ ဒါပေမဲ့ ခရီးစဉ်က ကျပ်သွားတဲ့အတွက် ဒီတခေါက်က မသွားဖြစ်တော့ဘူး။ ဒီအစား ချင်းမိုင်မှာ ရှိတဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့နဲ့တွေ့မယ်လို့ ကျနော် ပြောသံကြားပါတယ်။"

ဒီသတင်းနဲ့ပတ်သက်ပြီး KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ Vijay Nambiar ဟာ ၂၀၁၃ခုနှစ် သြဂုတ်လ ကုန်ပိုင်းက လိုင်ဇာမြို့ကို ပထမဆုံး အကြိမ် သွားရောက်ခဲ့ဖူးပြီး အဲဒီ့အချိန် ကတော့ KIO ဗဟိုကော်မတီနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို ဆွေးနွေးခဲ့သလို လိုင်ဇာမြို့အနီးက ဂျေယန်း စစ်ရှောင် ဒုက္ခသည် စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က စစ်ရှောင်ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

KIOနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဟာ အခုဆိုရင် ၃နှစ်နီးပါးရှိလာပြီဖြစ်ပြီး ခုချိန်ထိလည်း တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လာမယ့်လ အတွင်းမှာတော့ KIO ပါဝင် ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အတွက် တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာဖြစ်ပါတယ်။

Vijay Nambiar ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုတော့ တစုံတရာ အကြောင်းကြားလာတာ မရှိသေးဘူးလို့လည်း ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတဦးက ပြောဆိုခဲ့သလို ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးကို ဆက်သွယ်ရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
XS
SM
MD
LG