သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုမှုတချို့ ကုလတွေ့ရှိ


ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် ပမာဏ အတိုင်းအတာတစ်ခုအထိ အသုံးပြုထားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Sarin ဓာတုပစ္စည်းတစ်မျိုးကို အကြိမ်အတော်များများ အသုံးပြုခဲ့တယ်ဆိုပြီးတော့လည်း ပြင်သစ်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ၂ နှစ်ကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ပဋိပက္ခတွေမှာ သေးဆုံးသူ အရေအတွက် တိုးလာတယ်လို့လည်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ဥက္ကဌ ပေါ်လို ဆာဂျီယို ပင်ဟဲရိုး (Paulo Sérgio Pinheiro) ရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူသားဆန်တဲ့ စိတ်ဓာတ်တွေဟာ စစ်ပွဲတွေကြားမှာ ပျောက်ကွယ်သွားရပြီဖြစ်ကြောင်းနဲ့ ဆီးရီးယား ပြဿနာဟာ စစ်ရေးအရ ဖြေရှင်းရမှာမဟုတ်ပဲ၊ သံတမန်နည်းလမ်းအရသာ ဖြေရှင်းဖို့ လိုအပ်ကြောင်း ပင်ဟဲရိုး က သူ့ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆိုထားတာပါ။

ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက်တွေကို အသုံးပြုတယ်လို့ ပြောဆိုနေပေမဲ့ ဘယ်လို ဓာတုလက်နက်မျိုးကို သုံးတယ်၊ ဘယ်သူတွေက သုံးတယ်ဆိုတာကို သိဖို့ လုံလောက်တဲ့ အထောက်အထားတွေ မရှိဘူးလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုရင် ဓာတုလက်နက် ထိခိုက်သူတွေနဲ့ ဓာတုလက်နက် အသုံးပြုထားတဲ့ ပစ္စည်း နမူနာတွေပါ ပြသနိုင်ဖို့ လိုတယ်လို့ ကုသလမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြင်သစ်နိုင်ငံက ဓာတ်ခွဲခန်းတစ်ခုထဲမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေကနေ တွေ့ရှိချက်အရ ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Sarin ဓာတုပစ္စည်းတစ်မျိုးကို အကြိမ်အတော်များများ အသုံးပြုခဲ့တယ်ဆိုပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပဲရစ်မြို့မှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ခွဲခန်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်တွေကို ကုလသမဂ္ဂကို လွှဲပြောင်းပေးပြီဖြစ်ကြောင်း သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။
XS
SM
MD
LG