သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းရေဘေး ကုလ ကူညီမည်


ရေဘေးသင့်ဒေသ။
ရေဘေးသင့်ဒေသ။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး OCHA က ပြောဆို လိုက်ပါတယ်။ ရေကြီးမှုကြောင့် လူ ၉ ယောက် သေဆုံးခဲ့သလို၊ အိမ်ခြေ ၁ သောင်း ၂ ထောင်ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ လူပေါင်း ၇ သောင်းလောက် ရေကြီးမှုဒဏ် ခံနေကြရတယ်လို့ အစိုးရက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ်မှာ ရေဘေးဒဏ်ခံထားရတဲ့ ဒေသခံ ၄ သောင်းကျော်ကို လည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးထားပြီး၊ ဒီလို ရေဘေးသင့်ပြည်သူတွေ အတွက် အစားအစာ၊ ရေနဲ့ တခြား အခြေခံ လိုအပ်မှုတွေကိုလည်း ဒေသခံအာဏာပိုင်တွေ၊ ပြည်ထောင်စုအစိုးရ၊ စစ်တပ်၊ ကြက်ခြေနီနဲ့ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

လောလောဆယ် ရေဘေးဒဏ်အဆိုးရွားဆုံးခံထားရတဲ့ ဒေသတွေဆီ သွားရောက်နိုင်ဖို့ ပူးတွဲအဖွဲ့တခုနဲ့ ကုလသမဂ္ဂက လက်တွဲလုပ်ဆောင်နေပြီး၊ စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ချက်ခြင်း ပံ့ပိုးကူညီပေးနိုင်ဖို့ ကုလသမဂ္ဂ က အဆင်သင့်ရှိနေကြောင်းကို လည်း - သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အီရီ ကာနီကို (Eri Kaneko) က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG