သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖွဲ့စည်းပုံ နဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေး


လွှတ်တော်အဆောက်အဦး၊ နေပြည်တော်။
လွှတ်တော်အဆောက်အဦး၊ နေပြည်တော်။

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ နေပြည်တော် လွှတ်တော်ကိုသွားရောက်ခဲ့ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး အပါအဝင် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီတွေက ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးတချို့ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို (၁၀) ရက်တာ ခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့မှာတော့ နေပြည်တော်ရောက်ရှိခဲ့ပြီး လွှတ်တော် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေချုပ်၊ တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ နေပြည်တော် ခရီးစဉ် ပထမနေ့အကြောင်း အတူလိုက်ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းကပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ကျန်းမာရေး ပြည်ထောင်စု ဝန်ကြီးနဲ့တွေ့ တယ်။ ရှေ့နေချုပ် နဲ့တွေ့တယ်။ တရားသူကြီးချုပ်နဲ့တွေ့ တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့တယ်။ အဲ့ဒီ့မှာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေလည်း ပါတာပေါ့။ ဥပဒေကြမ်းကော်မတီ တို့၊ ပြည်သူ့လွှတ်တော်တို့၊ တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီ စသည်ဖြင့် ပါလာတာပေါ့နော်။ နောက်တခါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူးတွေနဲ့တွေ့တယ်။ နောက်တခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေနဲ့တွေ့တယ်။

နောက်တခါ နိုင်ငံတော်သမ္မတ ဥပဒေ၊ နိုင်ငံရေးနဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အဖွဲ့နဲ့တွေ့တယ်။ ပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့မယ်။ ပြီးရင် နိုင်ငံခြားရေး ပြည်ထောင်စုနိုင်ငံခြားရေးနဲ့တွေ့မယ်။ ဒီနေ့ ပရိုဂရမ်ကတော့ ဒီလောက်ပါပဲ။ "

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်တို့ ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ကြ တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးက အတည်ပြု ပြောကြားခဲ့ ပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ် လွှတ်တော်ကော်မတီတွေရဲ့ ဥက္ကဋ္ဌတွေလည်း ပါဝင်ခဲ့တာပါ။

မနက်ဖြန် ဇူလိုင်လ (၂၄) ရက်နေ့မှာ နေပြည်တော်မှာပဲ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးသန့်တွေ့ဆုံရေးကိုတော့ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ်အိုဟေး ကင်တားနား နေရာမှာ ၂၀၁၄ ဇွန်လက အသစ်ခန့်အပ်လိုက်တဲ့ တောင်ကိုးရီးယား နိုင်ငံသူ Ms. Yanghee Lee (ယန်ဟီလီ) အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ၊ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို လေ့လာစူးစမ်းနေတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေကို အာက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ လူ့အခွင့်အရေး လှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတာ၊ အင်းစိန်ထောင်ကို သွားရောက်ခဲ့တာအပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေနဲ့ မကြာသေးခင်က ပဋိပက္ခဖြစ်ပွားခဲ့ရာ မန္တလေးမြို့တွေဆီကို သွားရောက်ခဲ့ပြီး နေပြည်တော်ကို ခရီးဆက်ခဲ့တာပါ။

မနက်ဖြန် ဇူလိုင်လ(၂၄) ရက်နေ့မှာ အစိုးရတာဝန်ရှိသူတွေအပြင် အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံဖို့ရှိပြီး သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တော့ သီးသန့်တွေ့ဆုံဖို့လည်း အလားအလာရှိပါတယ်။ (၁၀) ရက်တာ ခရီးအဆုံးသတ်မယ့် ဇူလိုင်လ (၂၆) ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းမီဒီယာနဲ့တွေ့ဆုံပြီး မြန်မာပြည်တွင်း ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG