သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးနေ့ ရန်ကုန်ကုလသမဂ္ဂကျင်းပ


 ကုလသမဂ္ဂကပြုလုပ်တဲ့ ၂၀၁၂ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
ကုလသမဂ္ဂကပြုလုပ်တဲ့ ၂၀၁၂ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကိုယ်ရဲ့အမြင်သဘောထား ကို ထုတ်ဖော် ပြောဆိုတာတင် မဟုတ်ပဲ တဖက်က အမြင်သဘောထားကို လည်း လေးစားနားထောင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြန်အလှန် နားလည်မှု ရှိဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသလိုပဲ၊ စိုးရိမ် ပူပင်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေအောက် မှာ ယုံကြည်မှု တည်ဆောက်ဖို့ ခက်တာကြောင့် ဒါကိုကျော်လွှားဖို့ လူထုဖက်က နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း တိုက်တွန်းပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ကုလသမဂ္ဂက ကျင်းပပြုလုပ်တဲ့ ၂၀၁၂ခုနှစ် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားမှာ အခုလိုပြောဆိုခဲ့ကြတာပါ။ ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြပေးမှာပါ။

ကုလသမဂ္ဂကပြုလုပ်တဲ့ ၂၀၁၂ နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တဖက် အမြင်တွေကိုလည်း လေးစားဖို့၊ အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ပြောခဲ့ပါတယ်။ တဖက်ရဲ့ အမြင်ကို လေးစား နားလည်တော့မှ လူ့အခွင့်အရေးရဲ့တန်ဖိုးတခုဖြစ်တဲ့ “Tolerance” နားလည် သည်းခံမှုဖြစ်နိုင်မယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

“လူ့အခွင့်အရေးဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အမြင်သဘောထားကို ထုတ်ဖော်ပြောဆိုရုံတင်မဟုတ်ပဲနဲ့ အခြားလူတွေရဲ့ အယူအဆသဘောထားကို နားထောင်ချင်လည်း ပါပါတယ်။ ဒီလိုနားမထောင်ဘူး၊ တခြားသူတွေအမြင်ကို မလေ့လာဘူး၊ သူတို့အမြင်သဘောထားကိုလည်း လေးစားမှုမရှိဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လေးစားလိုက်နာရာ မရောက်ပါဘူး။”

လူ့ဂုဏ်သိက္ခာနဲ့အညီ လူ့သားတိုင်းမွေးရာပါ လူ့အခွင့်အရေးတွေအတွက် ပဋိပက္ခရဲ့နှစ်ဖက် ဆက်ဆံရေး ဆယ်သွယ်ရေးရဲ့ အရေးပါမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

“လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ဆိုရင် အခြားတဖက်နဲ့ အခြားလူနဲ့ ဘယ်လိုဆက်သွယ်ရမလဲ ဆက်ဆံရမလဲ ဆိုတာကို လေ့လာရပါမယ်။ တကယ့်ဆက်ဆံရေးဆိုတာ နှစ်လမ်းသွားဖြစ်ရပါမယ်။ ကိုယ်ကပဲ အခြားတဦးကို ပြောနေတာချည်းမဟုတ်ပဲ၊ အခြားသူကလည်း ကိုယ့်ကို ပြောနေတာ ရှိရပါမယ်။ ကိုယ်ကလည်း ပြောဆို နားထောင်ရမှာဖြစ်သလို၊ အခြားတဖက်က လည်း ပြောဆိုခွင့်ရှိရမယ် နားထောင်နိုင်ရမယ်။ ဒီလို ဆက်ဆံရေးမျိုး အပြည့်အဝရှိလာမှပဲ လူဂုဏ်သိက္ခာတွေကို အပြည့်အဝ လေးစားနိုင်တဲ့ အခြေခံရှိလာပါမယ်။ လုူဂုဏ်သိက္ခာဆိုတာ ကျမတို့ရဲ့ မွေးရာပါ အခွင့်အရေးတရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာတောင်မှ လူသားဖြစ်တဲ့အတွက် လူဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရဖို့၊ သူမှာ အခွင့်အရေးရှိပါတယ်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ချက်တွေ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အဓိကထား ရှင်းလင်းပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်လာတာဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးပြရုပ် တခုဖြစ်တယ် ဆိုပြီး ပြောသွားပါတယ်။

“မြေယာကိစ္စ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကိစ္စ များနှင့် အမျိုးသားရေး လက္ခဏာများနှင့်၊ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းရေးကိစ္စများကိုလည်း လူထုအစည်းအဝေးများ ကျင်းပကာ၊ အသေအချာ ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တာဟာ အစိုးရအနေနဲ့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ကို အားကျိုးမာန်တက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေတစ်ခု အဖြစ် တွေ့နိုင်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ အမကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လျက်ရှိပါတယ်။”

တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် ဆောင်ရွက်နေပြီး၊ အဲဒီကနေ ပင်လုံစိတ်ဓါတ်အပေါ်အခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

“သို့သော်လည်း ကျနော်တို့ အမှန်တကယ်ပူးပေါင်းပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်လာစေတာက၊ နိုင်ငံသားတိုင်းရင်း မျိုးနွယ်စု အားလုံးသည် အတိတ်က ခံစားခဲ့ကြရတဲ့ ဒဏ်ရာတွေ၊ နာကျင်ခံစားခဲ့ကြရတာတွေ နဲ့ သွေးစည်းညီညွတ်မှုပျက်ပြားခဲ့ရတာတွေကို အတူတကွ ကုစားကြဖို့ လိုအပ်လှပါတယ်။”

ကုလသမဂ္ဂအနေနဲ့ ပြုလုပ်တဲ့ ဒီ နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနား မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦေးအာင်မင်းတို့အပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Matilda Bogner တို့လည်း တက်ရောက်စကားပြောခဲ့ပါတယ်။
XS
SM
MD
LG