သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ လူ့အသိုင်းအဝိုင်းနှစ်ခု ရန်စောင်နေမှု Yanghee Lee အတည်ပြု


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီး လီရဲ့ သတင်းစာ ရှင်းလင်းပွဲ ( ဇန်နဝါရီ ၁၆-၂၀၁၅)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီး လီရဲ့ သတင်းစာ ရှင်းလင်းပွဲ ( ဇန်နဝါရီ ၁၆-၂၀၁၅)

ရခိုင်ပြည်နယ်ရဲ့ ပြသနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေး ဖြစ်စေပြီးတော့ ကုလအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့ ပါ သက်ဆိုင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဒီကနေ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆို သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် အသိုင်းအဝိုင်းအကြားမှာ ရန်လိုမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ သူမကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

မစ္စယန်ဟီးလီရဲ့ ၁ဝ ရက်မြောက် နောက်ဆုံးနေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သတင်းမီဒီယာတွေကို တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ သူ့သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အဓိက ထားပြောဆိုသွားတာကိုတွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ပြသနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေးတွေဖြစ်နိုင်ပြီး ကုလအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ပါ သက်ဆိုင်နေပြီး ဒီကိစ္စအပေါ် အခြေတည်ပြီး အသက်ဆုံးရှုံး မှုတွေ အထိပါ ကြုံတွေ့နေရတယ်လို့ မစ္စယန်ဟီးလီကပြောပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်က အသိုင်းအဝိုင်း နှစ်ခုအကြား ရန်လိုနေသေးတဲ့ အခြေအနေ ရှိနေဆဲဘဲ လို့ အတည်ပြုသလို၊ ရပ်မိရပ်ဖတွေနဲ့ ကျမ ဆွေးနွေးခဲ့တုံးကလည်း ဒီအတိုင်းပဲ အတည်ပြုကြတာပါဘဲ။ ဒါဟာ လက်ခံနိုင်စရာကောင်းတဲ့ အခြေအနေလို့ ကျမ သဘောမထားပါဘူး။ IDP ဒုက္ခသည်တွေ ထိန်းသိမ်းထားတဲ့အခြေအနေ၊ သူတို့ရဲ့ အခွင့်အရေးတွေကို ကန့်သတ် ချုပ်ချယ်တာတွေ၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမမှီအောင် ကန့်သတ်ထားတာတွေကို မဖြစ်မနေ ချက်ချင်း ကိုင်တွယ်ဖို့လိုပါတယ်။ ကျမ ဒီကိုမရောက်ခင်အထိ နိုင်ငံတကာ NGO တွေကို ဒုက္ခသည်စခန်းတွေဆီ တပတ်ကို တကြိမ် သွားခွင့်ပြုခဲ့ရာက အခု ၃ ကြိမ်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ လုံလောက်တဲ့ အခြေအနေရောက်ဖို့ အများကြီးလိုနေပါသေးတယ်။”

ရခိုင်ပြည်နယ်အတွက် အဖြေရှာဖို့ဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ဗဟိုပြုဖြေရှင်းရပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင် အသိုင်းအဝိုင်းတခုလုံးကို သိမ်းကျုံး ဒဏ်ပေးတဲ့နည်းနဲ့ အဖြေရှာလို့ မရသလို ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ကန့်သတ်တဲ့ လတ်တလောအခြေအနေကို ဆက်လုပ်သွားမယ်ဆိုရင် တင်းမာမှုတွေ၊ ဒေါသတွေ ပိုတိုးလာဖို့ ရှိတယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ပြသနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေးတွေဖြစ်နိုင်ပြီး ကုလအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ပါ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာတွေကြောင့် လူမှောင်ခိုတာတွေဖြစ်အောင် တွန်းအားပေးနေ သလို ခိုလှုံခွင့်တောင်းသူတွေ အများအပြားကို မွေးထုတ်ပေးနေ တာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကနေ ဒုက္ခတွေရောက်ကြရသလို အသက်ဆုံးရှုံးရတာတွေနဲ့လည်း မကြာခဏကြုံတွေ့နေကြရပါတယ်။”

ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ ၄ မျိုးနဲ့ ပတ်သက်ပြီးလည်း ပြောဆိုသွားခဲ့ပါတယ်။

“ဒီဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်လို့ တရားမျှတမှုရှိအောင် ဆောင်ရွက်ချက်တချို့ကို ရှင်းပြကြပြီး ဒီမူကြမ်းကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုံးတွေနဲ့ အညီ ရေးဆွဲပါ့မယ် လို့လည်း အာမခံကြပါတယ်။ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းမှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ သာယာဝပြောရေး၊ အမျိုးသမီးအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ အတွက် မှတ်ပုံတင်တာမျိုး လိုအပ်တယ်လို့ လည်းရှင်းပြပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲပြောပြော ဥပဒေပြုအမတ်တွေအနေနဲ့ အပြန်အလှန် နားလည်သီးခံမှုနဲ့ အားလုံးသဟဇာတအတူတကွ ယှဉ်တွဲနေထိုင်ကြဖို့အတွက် ဒီဥပဒေကြမ်းတွေကို သေသေချာချာ လေ့လာ သုံးသပ်စေချင်ပါတယ်ဆိုတဲ့ ကျမရဲ့စိုးရိမ်မကင်းဖြစ်ရတာတွေ ကို ပြောပြနိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လိုက်နာမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရတယ်လို့ မစ္စ ယန်ဟီးလီး က သူ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ကုလ အထူးသံအရာရှိ အနေနဲ့ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ရရှိသွားတဲ့ သတင်း အချက်အလက်တွေကို လွတ်လပ်တဲ့ တတိယ အဖွဲ့အစည်းတစ်ခုခု နဲ့ ပြန်လည် စိစစ်ဖို့ ပြောဆိုခဲ့တဲ့အပေါ်မှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ ဆောင်ရွက် ပါသလားလို့ ဗွီအိုအေက မစ္စ ယန်ဟီးလီကို ဒီကနေ့သတင်းစာရှင်းလင်းပွဲ အတွင်းမှာ မေးမြန်းခဲ့ပါတယ်။

မစ္စ ယန်ဟီးလီကတော့ သူ့အနေနဲ့ ရရှိသမျှ သတင်း အချက်အလက်တွေကို သေချာ စိစစ်ပြီးမှ လက်ခံတယ်လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။ မစ္စယန်ဟီးလီအနေနဲ့ သူ့ရဲ့ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့အရေးလေ့လာ အကဲဖြတ် တစ်ချို့ အပါအဝင် မီဒီယာ လောကထဲက တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

နေပြည်တော်မှာ ၃ ရက် ကြာနေထိုင်ပြီးတော့လည်း အစိုးရ ထိပ်ပိုင်းအရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လေ့လာခဲ့ပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဧပြီလမှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။

ဒီကနေ့မှာဘဲ မစ္စရန်ဟီလီဟာ ဆန္ဒပြပွဲတရပ်နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အရှင် ဝီရသူ ဦးဆောင်တဲ့ လူအုပ်ကြီးက လက်သီးလက်မောင်း တန်းပြီးတော့ ကန့်ကွက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အကြမ်းဖက် အစ္စလာမ်ဝါဒဆန့်ကျင်ရေး အတူတကွရည်တည်ကြလို့ဆိုရမယ့် Stand Together Against Islamic Terrorism စာတမ်းပါ ရှပ်အကျီၤကို ဝတ်ဆင်ထားကြပြီး ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ခိုးဝင်လာသူတွေ အတွက် နာမည်တုတွေ သုံးတာကို အလိုမရှိဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။ လူလိမ်လူညာတွေကို မောင်းထုတ်ပစ် ဆိုပြီး အော်ဟစ်ခဲ့ကြတယ်လို့လည်း ရိုက်တာ သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG