သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ


 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ချိတ်ဆွဲထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ချိတ်ဆွဲထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာ။
မြန်မာနိုင်ငံက လူကုန်ကူးမှုတွေဟာ အခု ၂၀၁၂ အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းလျှော့ ကျသွားတယ်လို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ မှ အငြိမ်းစားရဲမှူးကြီး တစ်ဦးက ပြောလိုက်ပါတယ်။ ဒီကနေ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNIAP မှာ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။၂၀၁၂ ခုနှစ်အတွင်းမှာ လူကုန်ကူးခံရသူပေါင်း ၁၉၇ ယောက် ရှိပြီး ပြန်လည်ကယ်တင်နိုင်တာတွေလည်း ရှိတယ်လို့ အငြိမ်းစားရဲမှူးကြီးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုပေါင်း ၉၅ မှု ခန့်အမှုဖွင့်နိုင်ခဲ့ပြီး တရားခံပေါင်း ၂၀၀ ရှိတယ်လို့ UNIAP မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက ပြောလိုက်တာပါ။ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီမှာ ပြုလုပ်တဲ့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း လျှော့ကျသွားပြီး ၂၀၁၂ ခုနှစ်အတွင်းမှာ လူကုန်ကူး ခံရသူပေါင်း ၁၉၇ ယောက်ကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက ပြောလိုက်ပါတယ်။

“၂၀၁၂မှာ ယခင်နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ၃၀%လောက် အမှုကျဆင်းသွားတယ်။ ၂၀၁၂မှာ ၉၅မှုလောက် အမှုဖွင့်ပါတယ်။ နောက်တရားခံပေါင်း ၂၆၄ယောက် တရားစွဲပါတယ်။ နောက် လူကုန်ကူးခံရသူ ၁၉၇ယောက် ကယ်ခဲ့ပါတယ်။”

လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ၂၀၀၅ ခုနှစ်မှာ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်းတွေချပြီး ၂၀၀၇ ခုနှစ်ကစတင် အကောင်အထည်ဖော်လာခဲ့ တာလည်း ဖြစ်ပါတယ်။ အခုလို (၅)နှစ် စီမံကိန်းတွေချပြီး ဆောင်ရွက်နေတာကြောင့် ၂၀၀၇ -၂၀၁၁ ပထမ ၅နှစ်စီမံကိန်း ဟာ အခုပြီးဆုံးသွားတာကြောင့် ၂၀၁၂ -၂၀၁၆ ဒုတိယစီမံကိန်းကို အကောင်အထည်ဖော်နေပြီလို့ အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်း က ပြောပါတယ်။

လူကုန်ကူးမှုတွေမှာ အဓိကအရေးပါနေတာက ပွဲစားတွေဖြစ်ပြီး ပွဲစားတွေကို ဖမ်းဆီးပြီး လူကုန်ကူးခံရတဲ့ မိန်းကလေး တွေကို မိဘဆီပြန်ရောက်ဖို့ကိုလည်း ဆောင်ရွက်နေရတယ်လို့ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက ပြောပါတယ်။

“၂၀၁၂ခုနှစ်မှာတော့ ပွဲစား ၂၁ယောက် ဖမ်းတယ်။ ပြီးရင် အဲ့မှာပါသွားတဲ့ မိန်းကလေး ၁၄၈ယောက်ကို မိဘထံပြန်အပ်နှံတာရှိတယ်။ အဲ့တော့ ၂၀၀၆ကတည်းကဆိုရင်တော့ ပွဲစားပေါင်း ၃၈၂ယောက်ကို တရားစွဲအရေးယူတာတွေရှိပါတယ်။”

မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှုတွေအများ စု ဟာ အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိက ဦးတည်နေပြီးတော့ မြန်မာမိန်းကလေးတွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာဟာ ၈၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ သူကပြောပါသေးတယ်။

၂၀၁၀ နောက်ပိုင်းကစပြီး မြန်မာမိန်းကလေးငယ်တွေကို တရုတ်နိုင်ငံအတွင်း က တရုတ်အမျိုး သား တွေရဲ့ လက်ဝယ်ကို အခကြေးငွေယူပြီး ရောင်းစားမှုတွေရှိခဲ့ရာကနေ အခုနောက်ပိုင်းမှာ ဗြောင်ကျကျ ဈေးကွက် တစ်ခုလို စည်းရုံးမှုတွေအထိ ရှိလာခဲ့ပြီလို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့မှ ခေါင်းဆောင် ဒုရဲမှူးကြီး ညွန့်လှိုင် က VOA ကို ပြောပါတယ်။

“ နောက်ပိုင်း ၂၀၁၀လောက်ကျတော့ တချို့အမှုတွေမှာ ဖော်ထုတ်ချက် အရတော့ ဗြောင်ပဲစည်းရုံးလာတယ်။ ယောက်ျားယူရမယ်။ တစ်နှစ် ပဲပေါင်းရမယ်။ ငွေဆယ့်လေးငါးသိန်းရမယ်။ အဲ့လို ဗြောင်စည်းရုံးလာတာတွေ တွေ့ရတယ်။ ၂၀၁၀ နောက်ပိုင်းမှာ။”

တရုတ်ပြည်က တရုတ်များက မြန်မာမိန်းကလေးငယ်များကို အနည်းဆုံး ၁ နှစ် ပေါင်းသင်းပြီး ကလေး ရလာရင် တချို့ကို မြန်မာနိုင်ငံကို ပြန်ခိုင်းတာကြောင့် အချို့မိန်းကလေးငယ်တွေ နေရပ် ပြန်လာတာကြောင့် ပြန်လည်ကယ်တင်ခဲ့ရသလို အဲ့ဒီ့ လူကုန်ကူးမှုတွေနှင့် ဆက်စပ်ပြီး နောက်ထပ်အမှုတွေ ထပ်မဖြစ်ရန် တားဆီးနေရတဲ့အကြောင်းလဲ ဒု ရဲမှူး ကြီး ညွန့်လှိုင် က VOA ကို ပြောပါတယ်။

ပြည်တွင်းမှာ နေထိုင်ကြတဲ့ မြန်မာမိန်းကလေးတွေအခု လို လူ ကုန်ကူ းခံ ရမှု တွေများ ပြားလာတဲ့ အတွက် တားဆီးမှုအနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ လူကုန်ကူး အခံ ရမှု အများ ဆုံး ရပ်ကွက်တွေမှာ အဖွဲ့တွေ လှုှိ့ဝှက် စောင့်ကြည့် နေတာမျိုးတွေ လုပ်ဆောင်ပြီး အခြား နည်းလမ်း တွေနဲ့ တားဆီးဆောင်ရွက်နေပုံ ကို ဒု ရဲမှူး ကြီး ညွန့်လှိုင်ကအခု လို ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖွဲ့စည်းထားတဲ့ လူကုန်ကူးမှုတားဆးီတိုက်ဖျက်ရေး အဖွဲ့တွေဟာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှုအတွက် ပညာပေးဟောပြောမှုတွေကိုလည်း ပြည်တွင်း က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေတာကိုလည်း ဒုရဲမှူးကြီး က ရှင်းပြပါတယ်။
စစ် အစိုးရ လက်ထက်တုန်း က ရေးဆွဲခဲ့တဲ့ လူကုန်ကူးမှု ဥပဒေဟာ လက်ရှိအချိန်ထိ ခေတ်မှီနေဆဲ ဖြစ်တာကြောင့် ပြန်လည်ပြုပြင်ရေးဆွဲဖို့တွေ မရှိသေးဘူးလို့ အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်း က ဗွီအိုအေမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။

“ ဒီကနေ့အထိ ခေတ်မှီတယ်။ နိုင်ငံတကာကလည်း လက်ခံတယ်။ နိုင်ငံတကာက အခုထိ ဝေဖန်တာ မတွေ့ရသေးပါဘူး။ ကျနော်တို့ဥပဒေဟာ ပြည့်စုံတယ်။ နောက်ထပ်ဖြည့်ဖို့လည်း မလိုလောက်ဘူး။”

မြန်မာနိုင်ငံဟာ ပြည်တွင်း မှာ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေး ကိစ္စတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ INGO တွေဖြစ်တဲ့ UNICEF, UNIAP, UNODC, IOM, World Vision Myanmar, Save the Childrene နဲ့ AFXP တိုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

၂၀၀၄ ခုနှစ်ကစပြီး လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာတော့ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့က ဦးဆောင်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံကို မြန်မာမိန်းကလေးတွေ လူ ကုန်ကူးမခံရအောင် စီမံဆောင်ရွက်နေတယ်လို့ ဒု ရဲမှူးကြီး ညွန့်လှိုင်က ပြောခဲ့ပါတယ်။
XS
SM
MD
LG