သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှု အထောက်အပံ့ ကချင်ဒုက္ခသည်တွေ ဆီ ရောက်မလာသေး


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
ကုလသမဂ္ဂကနေ ပေးပို့တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးပစ္စည်းတွေ ဖားကန့်ဒေသက ဒုက္ခသည်စခန်းကို ရောက်ရှိလာပေမဲ့ ကူညီထောက်ပံ့မှုတွေဟာ အကြီးအကျယ် လိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်ဦးရေ ပိုမိုများပြားတဲ့ သူပုန်နယ်မြေထဲမှာ ပိုပြီးလိုအပ်နေတာပါ။ ဖားကန့်ဒေသမှာတော့ လောလောဆယ် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒုက္ခသည်တချို့ကတော့ အခုချိန်ထိ အိမ်မပြန်ရဲဘဲ ရှိနေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာပါ။

ဒီလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့သလို ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးဖို့ အစိုးရက ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ ရဲ့ ကူညီထောက်ပံံ့ရေး ယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို ရောက်လာခဲ့ပါတယ်။ လုံးခင်း၊ ဖားကန့်နဲ့ ဆိုင်းတောင်မှာရှိတဲ့ ဒုက္ခသည်စခန်း၃၀ကျော်၊ ဒုက္ခသည်ဦးရေ တသောင်းလောက် အတွက်ကို ဆန်၊ ဆီ၊ဆားနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဖြန့်ဝေပေးခဲ့တယ်လို့ ဒေသခံ ဒုက္ခသည်အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ် လိုင်ဇာဒေသဖက်က ဒုက္ခသည်စခန်းတွေမှာလည်း လိုအပ်ချက်တွေရှိနေပြီး ကုလသမဂ္ဂအဖွဲ့တွေ လာရောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောပါတယ်။

“လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ရေးအတွက်ပေါ့ဗျာ။ ဒါတော့ အားလုံးလိုအပ်တာပဲ။ အဓိကကတော့ ဆေးဝါးပဲ။ ဆေးဝါးဆိုတဲ့နေရာမှာ၊ ကလေးငယ်တွေအတွက် ကာကွယ်ရေး လုပ်ငန်းတွေ အများကြီးလိုအပ်မှာပါ။ တချို့နေရာမှာတော့ စားရေး၊ သောက်ရေး ကလည်း အခုသောက်ဖို့၊ အခုစားဖို့ အဲ့လောက်ပဲ ရှိတဲ့ပုံစံ တချို့စခန်းတွေမှာ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ကြည့်နိုင်သလောက်တော့ သူတို့ စားရေး၊ သောက်ရေး ပြတ် မသွားအောင်၊ ပြတ်လပ်မှုမရှိအောင်တော့ ဝိုင်းပြီးတော့ ကြိုးစားနေကြတယ်။ UN OCHA အဖွဲ့လည်း ဒီလိုင်ဇာကို သူတို့လာမယ်လို့ပြောတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း လာမယ့် လမ်းကြောင်းကို အကြောင်းပြန်ပြီးသား၊ ဒါပေမဲ့ သူတို့ဘက် ကနေပြီးတော့ ဘယ်တော့လာမယ်ဆိုတဲ့ ကိစ္စတော့ ရက်က အတိအကျ မပြောနိုင်ဘူးခင်ဗျ။ လွန်ခဲ့တဲ့ အပတ်တုန်းကတော့ လွန်ခဲ့တဲ့အပတ်မှာ သူတို့ရောက်အောင် လာမယ်ပြောတယ်။ ကျနော်တို့ဘက်ကလည်း ဒီဘက်က အဆင်သင့်လုပ်ထားတာပေါ့ဗျာ။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ အစိုးရတပ်အကြား တနှစ်ခွဲကျော်ကြာ တိုက်ပွဲကာလမှာတော့ ဒုက္ခသည်တသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး KIO ထိန်းချုပ်ရာ တရုတ်မြန်မာ နယ်စပ်ဒေသမှာတော့ ဒုက္ခသည် ၆သောင်းကျော်လောက် ရောက်ရှိနေတာဖြစ် ပါတယ်။ လောလောဆယ် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ KIO ထိန်းချုပ်ရာ ဒေသက ဒုက္ခသည်တွေဟာ နေရပ်ရင်း မပြန်နိုင်သေးသလို အစိုးရ ထိန်းချုပ်ရာ ဖားကန့်ဒေသက ဒုက္ခသည်တချို့ဟာလည်း နေရပ်ရင်း မပြန်ရဲဘဲ ရှိနေကြပါတယ်။

“ ငြိမ်သက်တယ်ဆိုပေမဲ့ ဟိုမှာ စစ်ကြောင်းတွေရှိနေတယ်လေ။ အများအားဖြင့် ရောက်နေတဲ့ ဟာတွေက ခန္တီး၊ ဥရုချောင်း အဖျားဘက်ကပေါ့နော်။ ကျန်တဲ့ ရွာတွေက ပြန်လို့မရသေးဘူးလေ။ စစ်ကြောင်း ရှိတယ်ဆိုတော့ ငြိမ်သက်တယ်ဆိုပေမဲ့ ပစ်တာ၊ ခတ်တာများ ဖြစ်မလား အဲ့သလိုပေါ့။ ကြောက်လို့။” ဒါကတော့ ဒေသခံတယောက်ပြောတာပါ။

အခြားဖားကန့်ဒေသခံတယောက်ကလည်း " ဒီမှာ တိုက်ပွဲတွေလည်း မဖြစ်ကြတော့ဘူး။ ဒီမှာ အေးအေးဆေးဆေး ငြိမ်သက်နေတဲ့ အနေအထား လည်း ဖြစ်ပြီ။ အေးချမ်းနေပြီ လို့တော့ ပြောလို့ရပြီပေါ့ ခင်ဗျာ။ ဒါပေမဲ့ အထူးသဖြင့် ဂျိမ်းဖောလူမျိုးတွေပေါ့ဗျာ။ သူတို့တွေက ဒီကချင်လူမျိုးတွေဖြစ်အတွက်ကြောင့် ကေအိုင်အေနဲ့ ဆက်နွယ်တာလေးတွေ ရှိကောင်းရှိမှာပေါ့ဗျာ။ ဒါလေးတွေနဲ့ပတ်သက်ပြီးမှ သူတို့မှာ စိုးရိမ်စိတ် ကလေးတွေရှိကြတယ်ခင်ဗျ။ အဲ့ဒီ့စိုးရိမ်စိတ် ကလေးတွေကို ပြေပျောက် သွားဖို့ အေးအေးချမ်းချမ်းနဲ့ ပြန်ဖို့ မိမိတို့ရဲ့ နေရပ်ဒေသမှာ နေလို့ရပြီဆိုတဲ့ အနေအထားလေးကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဟောပြော စည်းရုံးပြီးတော့ မှ ပြန်လည်ပြီးတော့ နေရာချ ထားပေးမယ် ဆိုရင်တော့ ရနိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ ကျနော်တို့ကတော့ အဲ့လိုပဲမြင်တယ်ခင်ဗျ။”

ဒေသခံတွေ ဒီလို မပြန်ရဲတဲ့ အဓိကအချက်ကတော့ KIO နဲ့ မြန်မာ အစိုးရအကြား ဆွေးနွေးနေ တာတွေဟာ တိကျတဲ့ အဖြေတခုခု မရသေးတာလည်း တကြောင်း ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ KIO အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာလည်း ဒီလ မကုန်မီ ဆွေးနွေးဖို့ ရှိနေပြီး ဘယ်နေ့၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာကိုတော့ ညှိနှိုင်းနေ ဆဲဖြစ်ပါတယ်။

မနေ့ကတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နဲ့လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ချင်းမိုင်းမြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ဒီလို မဆွေးနွေးမှီနဲ့ ဆွေးနွေးတဲ့ နေ့ရက်တွေမှာတော့ UNFC မှာ ပါဝင်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့အကြားမှာ အနည်းဆုံး တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ အခြေအနေကိုတော့ SSA မြောက်ပိုင်း ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက အခုလိုပြောပါတယ်။

“မနေ့က ဆယ်နာရီခွဲ စပစ်တယ်လေ။ စပစ်ပြီးတော့ ညနေပိုင်းအထိတော့ သူတို့ လက်နက်ကြီးနဲ့ အဝေးကနေ ပစ်တယ်။ အခုက ကျနော်တို့ ရှိနေတဲ့နေရာကို သူတို့ တက်ဖို့ ကြိုးစားနေတုန်းပေါ့ နော့်။ သူတို့တက်လာရင်တော့ ပစ်မယ်လေ။”

ဒီတိုက်ခိုက်မှုတွေ အတွင်းမှာတော့ တန့်ယန်းမြို့နယ်အတွင်းက လားဟူ ၁၀ ရွာလောက်ဟာ တန့်ယန်းမြို့နယ် မိုင်တောင်ရွာကို ထွက်ပြေး တိမ်းရှောင်နေရတယ် လို့ ဒေသခံတွေက ပြော ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားဟာ မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ပြီးတဲ့နောက် ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးကနေ ထုတ်ပြန်လိုက်တဲ့ ဗုဒ္ဓဟူးနေ့ ကကြေညာချက်ထဲမှာတော့ လုံခြုံရေးပြဿနာဟာ အကူအညီပေးရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေဖြစ်နေဆဲဘဲ လို့ ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်တပ်ရဲ့လွှမ်းမိုးမှုတွေကြောင့် ပွင့်လင်းမြင်သာမှုတွေ အားနည်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG