သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MH 17 လေယာဉ်ပစ်ချခံရမှု ကုလဆုံးဖြတ်ချက် ရုရှား ဗီတိုအာဏာသုံးပယ်ချ


လွန်ခဲ့တဲ့ တနှစ်ကျော်က ယူကရိန်းလေပိုင်နက်အတွင်း မလေးရှားလေကြောင်းပိုင် လေယာဉ်တစင်းကို ပစ်ချခဲ့မှုအတွက် တာဝန်ရှိတဲ့သူတွေအပေါ် ICC အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာခုံရုံးက စစ်ဆေးမယ်ဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။

ဒီခုံရုံးဖွဲ့ စစ်ဆေးမဲ့ကိစ္စကို မလေးရှား၊ နယ်သာလန်၊ သြစတေးလျ၊ ယူကရိန်းနဲ့ ဘယ်လ်ဂျီယံတို့က ထောက်ခံခဲ့ကြပြီး မလေးရှားက အဆိုပြုချက်မူကြမ်း ရေးဆွဲ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းဝေးပွဲမှာ အဲဒီ ၅ နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာပါ။

ဒီကိစ္စမှာ ဗီတိုအာဏာ မသုံးဖို့ ရုရှားသမ္မတ Vladimir Putin ကို အဲဒီနေ့ အစောပိုင်းက Dutch ဝန်ကြီးချုပ် Mark Rutte က အပြင်းအထန် မေတ္တာရပ်ခံခဲ့ပါတယ်။ မစ္စတာ Rutte ရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နယူးယောက်မှာ အဆိုပြုချက် မတင်သွင်းမီ မစ္စတာ ပူတင်ကို သူက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နိုင်ငံတကာ ခုံရုံးဖွဲ့စည်းမှုကို ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရုရှားအစိုးရကတော့ ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး Dutch ဦးဆောင်တဲ့ ပြုလုပ်ဆဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြီးပြည့်စုံတဲ့အထိ စောင့်ဆိုင်းလိုတယ်လို့ ဆိုပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ဒီလေယာဉ်ကို ပစ်ချခဲ့တာဟာ ရုရှားစစ်သားတွေ၊ ဒါမှမဟုတ် ယူကရိန်း ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ သံသယ ရှိနေကြပေမဲ့ ရုရှားကတော့ ထပ်ခါတလဲလဲ ငြင်းဆိုပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောနေပါတယ်။

XS
SM
MD
LG