သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိဖို့ ဘန်ကီမွန်း တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မြန်မာနိုင်ငံမှာ နိုဝင်ဘာလတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ တရားမျှတပြီး ထင်သာမြင်သာ ရှိဖို့ နဲ့ အားလုံးပါဝင်ခွင့်ရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဌာနချုပ် ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံရာ မှာ သူက အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂ ဌာနချုပ်ရောက်နေတဲ့ မြန်မာအမတ်တွေကလည်း အခြား နိုင်ငံတကာ အမတ်တွေနဲ့ အတူ မြန်မာ့အရေး ဆွေးနွေးတင်ပြခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ ဘက်ပေါင်းစုံ တိုးတက်မှုတွေ ဆက်ပြီးဖြစ်နေတာကို ကြိုဆိုကြောင်းနဲ့ တဖက်မှာလည်း လက်ရှိအခြေအနေတွေအပေါ် ကုလသမဂ္ဂရဲ့ စိုးရိမ်ကင်းဖြစ်မှုတွေကို အတွင်းရေးမှုးချုပ် ဘန်ကီးမွန်းက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံရာမှာပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးကနေ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့ မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက သူရဲ့ စိုးရိမ်မကင်းဖြစ်မှုကို ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှုးချုပ် ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကဗွီအိုအေကို အခုလိုပြောပါတယ်။

"နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ တရားမျှတပြီး ထင်သာမြင်သာရှိဖို့ နဲ့ အားလုံး ပါဝင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပိုပြီးခိုင်မာအောင် အထောက်အကူပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီးမွန်းက ပြောခဲ့ပါတယ်။ ဒါနဲ့ဆက်စပ်ပြီးတော့လည်း လူနည်းစု၊ အထူးသဖြင့် ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောခဲ့ပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေဟာ အရင်က ရွေးကောက်ပွဲအတွက် အရည်အချင်း ကိုက်ညီမှုတွေရှိခဲ့ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရသူတွေဖြစ်ပါတယ်။"

ဒီဖြစ်ရပ်နဲ့ တဆက်တည်း ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေတာကိုလည်း အမြန်ဆုံးဖြေရှင်း ပေးဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အလေးပေးပြောဆိုခဲ့တယ်လို့ မနေ့က ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ကပ္ပလီပင်လယ်မှာ ဒုက္ခ အကြီးအကျယ်ရောက်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေရဲ့ အရေး စိုးရိမ်မိကြောင်းနဲ့ အရှေ့တောင်အာရှဒေသမှာ ဒီလို အခြေအနေမျိူး မဖြစ်ရအောင် ကာကွယ်ဖို့ လိုကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့ တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂဌာနချုပ်ကိုရောက်နေတဲ့ ၂၀၁၅ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံခဲ့ရတဲ့ လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နဲ့ ကချင်ပြည်နယ် အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့ ကလည်း အခြားနိုင်ငံတကာက လွှတ်တော် ကိုယ်စားလှယ် အယောက် (၁၀၀)နဲ့အတူတွေ့ဆုံပြီး မြန်မာ့အရေးကို ကုလသမဂ္ဂမှာ တင်ပြမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါ်ဒွဲဘူက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျမတို့နိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်ပြီးတော့မှ ကရင်ပြည်နယ်မှာ ခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ စေတီတဆူ လာလုပ်တဲ့ ကိစ္စလေးတွေပေါ့နော်။ နောက် ဘာသာရေးနဲ့ ဆရာမနှစ်ယောက် မုဒိမ်းမှုနဲ့ လူသတ်မှုနဲ့ အခုထက်ထိ မမိသေးတဲ့ကိစ္စလေးတွေပေါ့နော်။ အဲ့တာလေးတွေ ကျမတို့ တင်ပြခဲ့ပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံရာမှာလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရးနဲ့ အဓိပ္ပါယ်ပြည့်ဝပြီး၊ အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဖြစ် ဆက်ပြီးတိုးတက်လာဖို့ တိုက်တွန်းခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကပြောပါတယ်။

"အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်တွေ တိုးတက်လာတဲ့ အပေါ် သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုကို သူ့အနေနဲ့ လေးစား အသိအမှတ်ပြုကြောင်း အတွင်းရေးမှုးချုပ်က ပြောခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂပါဝင်နေတဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ ဒေါ်ဒွဲဘူကပြောပါတယ်။

"ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပေါ့နော် အစိုးရရယ် တပ်မတော်ရယ် ဆွေးနွေးတဲ့ ကဏ္ဍရပ်တွေရှိပါတယ်။ အဲ့ဒီ့ကဏ္ဍရပ်တွေမှာ UN ကလည်း အဆက်မပြတ် ပါဝင်နေတယ်ပေါ့နော်။ ပြီးရင် ဒီဟာတွေ အောင်မြင်ဖို့လည်း တိုက်တွန်းနေတယ်။ ဒီအပေါ်မှာ ကျမတို့က အများကြီးပဲ UN ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျမတို့ တိုင်းရင်းသားဒေသတွေမှာ တကယ့်ကို အပစ်အခတ်ရပ်သွားဖို့ပေါ့နော် အပေါ်မှာ လက်မှတ်ထိုးရုံတင်မက တကယ်အောက်ခြေမှာ တိုက်ပွဲတွေ ရပ်သွားအောင် ဆောင်ရွက်ပေးဖို့လည်း ကျမတို့အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။"

မြန်မာအမတ် (၂)ဦး အပါအဝင် နိုင်ငံတကာ အမတ်တွေ ဆွေးနွေး သဘောတူခဲ့တဲ့ မြန်မာ့အရေး ကိစ္စရပ်တွေကို အခု နယူးရောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြဖို့ရှိတယ် လို့လည်း ဒေါ်ဒွဲဘူကပြောပါတယ်။

အောက်တိုဘာလ (၂)ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုယ်တိုင် ကုလအထွေထွေညီလာခံမှာ မြန်မာ့အရေး မိန့်ခွန်းပြောကြား မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်ပေါ် တိုးတက်နေတဲ့ အတွက် မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ မရှိသင့်တော့ဘူးလို့ သမ္မတဦးသိန်းစိန် အစိုးရက ကုလသမဂ္ဂကိုတောင်းဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG