လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံကို ICC လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံး တင်သင့် မတင့်သင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားဆုံးဖြတ်ပေးဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မဲခွဲအတည်ပြုလိုက်ပါတယ်။
ဥပဒေတခုလို မဖြစ်မနေ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံနဲ့ EU ဥရောပသမဂ္ဂတို့က မူကြမ်းရေးဆွဲခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ တခဲနက် အတည်ပြုခဲ့ကြတာပါ။
အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီလမှာ ပြုစုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အခြေခံ ရေးဆွဲထားတာဖြစ်ပြီး ဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယားနိုင်ငံအတွင်း ဆယ်စုနှစ်နဲ့ ချီပြီးတော့ ဖြစ်နေခဲ့တဲ့ သွေးအေးတဲ့ သတ်ဖြတ်မှုတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ အစုလိုက် အပြုံလိုက် အစာငတ်ထားတဲ့ အမှုတွေကို ဖော်ပြထားပါတယ်။
ဒီလိုကျူးလွန်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို ICC ရာဇဝတ်တရားရုံး ပို့သင့်တယ်ဆိုပြီးတော့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တောင်းဆိုထားတာပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ ဒါကို ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အမေရိကန် ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားအစိုးရကို သိက္ခာချပြီး ခေါင်းဆောင်ပိုင်းကို ပြုတ်ကျသွားအောင် ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို နောက်လမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆွေးနွေးဖွယ်ရှိပြီး အတည်ပြုနိုင်တဲ့ အလားအလာ ရှိနေပါတယ်။