မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ကြာသပတေးနေ့နှောင်းပိုင်းက ဝင်ရောက် တိုက်ခတ်သွားတဲ့ ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေ တဲ့ ဒေသတွေမှာ UN OCHA ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးရုံးက ထောက်ပံ့နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ တယ်လို့ သောကြာနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။
“ မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ဖက်အစွန်းကို ရက်အတန်ကြာ ဝင်ရောက် တိုက်ခတ်သွားပြီး အဲဒီမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေသတွင်း သွားလာရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ လည်း ပြတ်တောက်ခဲ့ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ လေဆိပ် ဟာလည်း အခုချိန် ပိတ်ထားရတုန်း ဖြစ်ပါတယ်။ စစ်တွေမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ရှိခဲ့တယ်ဆိုတာကို အကူအညီပေးရေး အဖွဲ့အစည်းတွေက လိုက်လံ စစ်ဆေးနေပါတယ်။”
ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ဖြစ်ခဲ့တယ်ဆိုတာတော့ အခုချိန်မှာ မသိနိုင်သေးပေမယ့် ရာသီဥတု အခြေအနေကောင်းတယ်ဆိုရင် အစိုးရနဲ့ ပူးတွဲပြီး ဒီကနေ့မှာ ပျက်ဆီး ဆုံးရှုံးမှု အခြေအနေတွေကို စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
အစိုးရရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ တခြား လူမှုရေး အသင်းအဖွဲ့တွေကလည်း ဒေသခံတွေကို အကူအညီပေးနေတဲ့အကြောင်း OCHA ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။