သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံရောက်


Tomas Ojea Quintana
Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ရန်ကုန်မြို့ကို တနင်္ဂနွေနေ့ ညနေပိုင်းက ရောက်ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဇွန်လနောက်ပိုင်း မစ္စတာကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် သီတင်း တပတ်ကြာမယ့် မစ္စတာ ကင်တားနားရဲ့ ဒီခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပရဟိတအကျိုးဆောင် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

မစ္စတာကင်တားနား ဟာ ရန်ကုန်ဆင်ခြေဖုံးရှိ အင်းစိန်ထောင်ကို သွားရောက်မှာဖြစ်သလို လူမျိုးရေး ပဋိပက္ခကြောင့် အနည်းဆုံ ၇၈ ယောက် သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက် အကဲခတ် လေ့လာမှာဖြစ်ပါတယ်။ ရခိုင် ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ မူစလင်တွေကို ပစ်မှတ်ထား နှိပ်ကွပ်နေ တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Navi Pillay က စုံစမ်းစစ် ဆေးပေးဖို့ သောကြာနေ့က တောင်းဆို လိုက်ပြီးနောက် မစ္စတာကင်တားနား ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ထူးထူးကဲကဲ တိုးတက်လာတာ တွေ့ရပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ မစ္စတာကင်တားနားက မှတ်ချက်ချပါတယ်။ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းတွေမှာ ထားဖို့ ဒါမှမဟုတ် တတိယနိုင်ငံတွေကို ပို့ဖို့အတွက် ကုလသမဂ္ဂက တာဝန်ယူပါရန် သမ္မတ ဦးသိန်းစိန်က ပန်ကြားလိုက်တယ်လို့ မြန်မာသမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG