သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလရဲ့ ရိုဟင်ဂျာ အသုံးအနှုံး ရခိုင် ဝန်ကြီးချုပ် ကန့်ကွက်


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် Ban Ki Moon။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် Ban Ki Moon။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ နေပြည်တော်မှာ ပြုလုပ်တဲ့ မနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး သုံးခဲ့တဲ့အပေါ်၊ ကန့်ကွက်တဲ့ အကြောင်း ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အတွင်းရေးမှုးချုပ် ထံ စာရေးသားပေးပို့ခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင် လူနည်းစုတွေကို ဒီအသုံးအနှုံး သုံးတာကို လက်မခံပေမယ့်၊ သူတို့ အပေါ် နိုင်ငံသားဆိုင်ရာ အခြေခံရပိုင်ခွင့်ရဖို့ စီစစ်ဆောင်ရွက်နေပါတယ်လို့ ဗွီအိုအေ ကို ပြောပါတယ်။ ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ရခိုင်ဝန်ကြီးချုပ်။ ။ " မစ္စတာ ဘန်ကီမွန်းအနေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ရိုဟင်ဂျာ အသုံးအနှုံးကို သုံးသွားတာတွေ ရှိပါတယ်။ ကျနော် ပြီးခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်က ဆွစ်ဇာလန်က ဂျနီဗာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ ကျနော် UN INGO တွေ အကုန်လုံး အပါအဝင် သံတမန်တွေ ကိုရော နောက်ပြီးတော့ ကျနော် မစ္စတာ ကိုဖီအာနန်ကိုလည်း တွေ့ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတာ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး။ ကျနော်တို့ နိုင်ငံတော်သမ္မတကြီး အနေနဲ့ လည်း ရေဒီယိုမှာ တရားဝင် မိန့်ခွန်းမှာ ရိုဟင်ဂျာ မရှိဘူး ဆိုတာ ပြောပြီးပါပြီ ဆိုတာ အသိပေးထားခဲ့တာတွေရှိပါတယ်။ အခု မစ္စတာ ဘန်ကီမွန်း ကျနော်တို့ နိုင်ငံကို ရောက်တဲ့အခါမှာ ရိုဟင်ဂျာကို လက်ခံရမှာ ရှိတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဒီလိုပြောတဲ့အတွက် ဒါ ကျနော် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တယောက်အနေနဲ့ လက်မခံနိုင်တဲ့အတွက် ဒါကို မစ္စတာ ဘန်ကီမွန်းထံကို စာရေး တင်ပြပြီးတော့မှ ဒါကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်း ကျနော် ဆောင်ရွက်တဲ့ အပိုင်းဖြစ်ပါတယ်ခင်ဗျ။"

VOA ။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒါကတော့ နံမည် အသုံးအနှုံးမှုနဲ့ပတ်သက်လို့ပေါ့။ ဒါပေမဲ့ တဖက်မှာ ဒီလူနည်းစု မူဆလင်တွေနဲ့ ပတ်သက်လို့ သူတို့က နိုင်ငံသား အခွင့်အရေးပေါ့ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ပေါ့ ဝန်ကြီးချုပ် သဘောထား ဘယ်လိုရှိပါသလဲ။

ရခိုင်ဝန်ကြီးချုပ်။ ။ "ဟုတ်ကဲ့။ ဒါကတော့ ကျနော်တို့ Action Plan ဆိုတဲ့ ဟာကို အချောသတ် လုပ်နေပါပြီ။ မကြာမှီမှာ ကျနော်တို့ ကမ္ဘာကို လည်း ဖြန့်ဝေ မှာဖြစ်ပါတယ်။ ဒီအခု ဘင်္ဂလီ လူမျိုးများနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က ဥပဒေအတိုင်း လုပ်သင့်တာ လုပ်မှာပါ။ ကျနော်တို့က ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာ စံချိန် စံနှုန်းနဲ့အညီ Humanitarian တို့ Human Rights တို့ကိုလည်း လေးစားလိုက်နာပြီးတော့ ဥပဒေဘောင် အတွင်းက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ 82 Act အရ စစ်ဆေးပြီးတဲ့ အခါကျရင် နိုင်ငံသားဖြစ်ရေးကို ဘောင်အတွင်းက လုပ်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ရိုဟင်ဂျာဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာ မရှိတဲ့အတွက် ဒါကတော့ ကန့်သတ်ချက် နှောင့်နှေးမှု ရှိတာပေါ့လေ။ "

VOA။ ။ ဟုတ်ကဲ့။ တချို့ကတော့ ငြင်းချက်ထုတ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး မြန်မာ့နိုင်ငံရေး မှာ သုံးခဲ့ဘူးတာရှိတယ်။ ဥပမာ မြန်မာ့အသံတို့ ဘာတို့မှာဆိုရင် ရိုဟင်ဂျာ အသံဆိုပြီး ပြောခဲ့ဖူးတာတွေရှိတဲ့အခါကျတော့ ရှိခဲ့ဖူးတဲ့ အနေအထားဆိုပြီး ထောက်ပြတဲ့သူတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာရော...။

ရခိုင်ဝန်ကြီးချုပ်။ ။ အေးပေါ့လေ။ ပြောရရင်တော့ ဆွေးနွေးမယ် ဆိုရင်လည်း အများကြီးပေါ့လေ။ သို့သော် လူမျိးတမျိုး ဖြစ်ဖို့ မတည်ဖို့ဆိုတာက သမိုင်းနဲ့ချီပြီးမှ လူမျိုးစုကြီးနဲ့ ဆက်စပ်ပြီးမှ ဖြစ်လာတဲ့ဟာမျိုး မှာ ပိုပြီးတော့ ကွန်ဖမ်းဖြစ် ပါတယ်။ နှစ်အနည်းငယ်လောက် အတွင်းမှာ လူမျိုးတမျိုး ပေါ်လာဖို့ ဆိုတာ တော်တော် ခက်ခဲ ပါတယ်ခင်ဗျ။ အရင်တုန်းက ရှိခဲ့ဖူးတယ်ဆိုတဲ့ ဟာတွေကို လည်း သူ့ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့ အချက် တချက်ပဲ ဖြစ်ပါလိမ့်မယ်။ မူရင်းဇစ်မြစ်ကို အားလုံး စဉ်းစားမယ်ဆိုရင်တော့ ဒါတွေဟာ ဖြစ်ဖို့ မလွယ်ဘူးပေါ့နော်။ ကျနော်ကတော့ ပြောနိုင်တာကတော့ ကျနော် ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ ဒီကိစ္စတွေက နိုင်ငံတော်ပိုင်း၊ နိုင်ငံတကာ အပိုင်း နောက် လူထု ဆန္ဒ စသဖြင့် ကျနော်တို့ဆီမှာလည်း လွှတ်တော် အကုန်လုံးရဲ့ အဘက်ဘက်က စဉ်းစားပြီး ချင့်ချိန် ဆုံးဖြတ်ပြီးမှ အနာဂတ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တဖက်က သဘောမျိုးဖြစ်တယ် ဆိုရင်လည်း ကျနော်တို့ လူထုအနေနဲ့ကတော့ ယနေ့ ဆန့်ကျင်မှုလေးတွေရှိပါတယ်။"

VOA။ ။ အမေရိကန်သမ္မတ အိုဘားမားကလည်း အခု မြန်မာခေါင်းဆောင်တွေ ။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့တဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုတွေနဲ့ ပတ်သက်လို့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေ ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။ အဓိက အချက်နဲ့ကတော့ နိုင်ငံသားဖြစ်ခွင့်ပါပါတယ်။ နောက်တခုက ခွဲခြားဆက်ဆံခံရတယ် ဆိုတဲ့ စွတ်စွဲချက်တွေပေါ့နော်။

ရခိုင်ဝန်ကြီးချုပ်။ ။ " ဘင်္ဂလီလူမျိုးစုများအနေနဲ့ကလည်း ကျနော်တို့ အခုလက်ရှိ ဆောင်ရွက်နေတဲ့ ဥပဒေဘောင်အတွင်းက လုပ်ငန်းတွေမှာလည်း ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတယ်ဆိုတာ ကျနော်တို့ လည်း ဥပဒေအပိုင်း အနေနဲ့ ပြောချင်တာပေါ့နော်။ ကျနော်တို့လည်း သူတို့နဲ့တွေ့ရင် မေးတာက ရိုဟင်ဂျာဖြစ်ချင်တာလား။ နိုင်ငံသား ဖြစ်ချင်တာလား။ ကျနော် ဒီလိုပဲ မေးပါတယ်။ အဲ့တော့ ရိုဟင်ဂျာဆိုတာ တော်တော့်ကို ခက်ခဲ ပြီးတော့မှ စဉ်းစား သုံးသပ်ရမယ့် ကိစ္စကြီး ဖြစ်တာပေါ့။ နိုင်ငံသားဖြစ်ဖို့ဆိုတဲ့ကိစ္စက ၈၂ ဥပဒေအရ ကျနော်တို့က သူ့ဘောင်ထဲ ဝင်သွားတာပေါ့လေ။ ဆိုလိုတဲ့သဘောက ကျနော်တို့က တကယ်ကို ပြောရရင်တော့ ကျနော်တို့ နိုင်ငံအပေါ်မှာ မြေပေါ်မှာ ရောက်ရှိနေတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဘယ်သူ့ကိုမဆို ဘယ် လူသားချင်းကိုမဆို စာနာ သောအားဖြင့် ကျနော်တို့ကတော့ နိုင်ငံတော်အစိုးရရဲ့ မူ အတိုင်း စီမံ ဆောင်ရွက်သွားမှာပါ။ ယနေ့ ကမ္ဘာကြီးက ထင်သလိုမျိုး လုပ်တာတော့ မဟုတ်သေးပါဘူး။ တကယ့် တကယ်ကျတော့ ကျနော်တို့က တဘက်သတ် အပြောခံနေရတဲ့ ပုံစံမျိုးတော့ သွားဖြစ်ပါတယ်။ ဒီတော့ ကျနော်အနေနဲ့ Message ပေးချင်တာကတော့ ကာယကံရှင်များ က ရခိုင်ပြည်နယ် ကို လာခဲ့ပါ။ ကျနော်တို့နဲ့ ဆွေးနွေးပါ။ လူထု နဲ့ ဆွေးနွေးပါ။ ပြီးတော့မှ ဘာလုပ်သင့်တယ်ဆိုတာ အဲ့လိုလေးတွေဆိုရင် ပိုကောင်းတာပေါ့နော်။"

ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။

နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီအသုံးအနှုံးအပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ထံ ကန့်ကွက်ထားတယ်လို့သိရပါတယ်။ ဒီလို ကန့်ကွက်မှုတွေ ထွက်လာပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဒီကနေ့ ထပ်မံ ထုတ်ပြန်ချက် ထဲမှာတော့ ရိုဟင်ဂျာပဲဆိုဆို ဘင်္ဂါလီပဲ ပြောပြော ရခိုင်လူ့မှု အသိုက် အဝန်းအတွင်းက လူမှုအဖွဲ့အစည်းနှစ်ရပ်စလုံးကြားမှာရှိတဲ့ စိုးရိမ်ထိတ်လန့်မှုတွေ မကျေမချမ်းမှုတွေကို ဖြေရှင်းပြီး။ သူတို့ရဲ့ အခြေခံ လူ့အခွင့်ရေးတွေ ကို ဆောင်ရွက်ပေးနိုင်ဖို့ အနာဂတ် တည်ငြိမ်မှုဖြစ်နိုင်မယ်လို့ အတွင်းရေးမှုးချုပ်က ပြောထားပါတယ်။

XS
SM
MD
LG