သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ယာမြေနဲ့ အကျဉ်းထောင်ကိစ္စ ကုလ အထူးကိုယ်စားလှယ် စုံစမ်း


ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mrs.Yanghee Lee နဲ့အဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ကိစ္စရပ်တွေကို ဆွေးနွေးစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)
ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mrs.Yanghee Lee နဲ့အဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ကိစ္စရပ်တွေကို ဆွေးနွေးစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ခရီးစဉ်ဒုတိယ နေ့မှာတော့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို တတိယ အကြိမ်မြောက် ရောက်လာတဲ့ မစ္စ် ယန်ဟီးလီဟာ လူ့အခွင့်အရေး ကိစ္စတွေအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိုက်လံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ခရီးစဉ် ဒုတိယနေ့မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ မစ္စယန်ဟီးလီနဲ့ မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့နဲ့ တတိယအကြိမ်တေ့ွဆုံမှုဖြစ်ပြီး မစ္စယန်ဟီလီက လယ်ယာမြေကိစ္စနဲ့ အကျဉ်းထောင်ကိစ္စတွေ မေးမြန်းသွားတယ်လို့ ဥက္ကဋ္ဌဦးဝင်းမြက ပြောပါတယ်။

“လယ်မြေသိမ်းတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်လဲဆိုတာလေးကို သူက မေးပါတယ်။ အဲဒိတော့ ကျနော်တို့အနေနဲ့ အသေးစိတ်တော့ ရှင်းလင်းပြောကြားပါတယ်လေ။ နောက်တခါ ….ထောင်တွေ ဆေးစစ်တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ ရှိတော့ ဒီအကြံပြုချက်တွေကိုကော သက်ဆိုင်ရာဌာနကနေပြီးတော့ ဘယ်လောက် အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးလဲဆိုတာလည်း မေးပါတယ်။”

ညနေပိုင်းမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာကို သွားရောက်ခဲ့ပြီး ပဋိပက္ခအလွန် ပြန်လည် ထူထောင် ရေးကို အလေးပေးတဲ့မေးခွန်းတွေ မေးမြန်းသွားခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေစင်တာက ဦးညိုအုန်း မြင့်က ပြောပါတယ်။

“ကျနော်တို့အပစ်အခတ်ရပ်စဲရေး ပြီးသွားတဲ့အခါမှာ ဒီလူတွေကို ဒုက္ခပေးနေတဲ့ မြေမြှုပ်မိုင်းကိစ္စ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နိုင်ငံတကာနဲ့ ဘယ်လို ပံ့ပိုးကူညီရမလဲ၊ နောက်တခါ တိုင်းရင်းသားတွေနဲ့ ကျနော်တို့နယ်မြေတွေမှာ ထိစပ်ခံနယ်မြေတွေမှာ ပဋိပက္ခအလွန်မှာ ကျနော်တို့တိုင်းပြည်ကို ဘယ်လို ပြန်ထူထောင်မလဲဆိုတဲ့ အချက်အလက်တွေကိုပဲ သူ့အနေနဲ့ စိတ်ဝင်တစားမေးမြန်းပါတယ်ခင်ဗျ။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေအိမ်မှာ တွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။ ခရီးစဉ်ဒုတိယနေ့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန် အကျဉ်း ထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်ကတော့ သူ့အနေနဲ့ အကျဉ်းထောင်ဥပဒေကို ပြင်ဆင်ဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ အကျဉ်းထောင်ဥပဒေကို အစိုးရဘက်နဲ့ သေချာဆွေးနွေးဖို့၊ ဒီအကျဉ်းထောင်ဥပဒေ ဆိုတာ ခေတ်မီတဲ့အကျဉ်းထောင်ဥပဒေမဟုတ်ဘူး။ ဒိအတွက် လက်ရှိ နိုင်ငံရေးအခြေအနေ၊ နောက် ပတ်ဝန်းကျင်နိုင်ငံတွေရဲ့အခြေအနေ၊ နောက် ကုလသမဂ္ဂကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း- ဒါတွေနဲ့အညီ အကျဉ်းထောင်ဥပဒေဆိုတာကို ပြန်ဆွဲဖို့ဆိုတာကို အစိုးရကိုတိုက်တွန်းဖို့ ကျနော်တို့ ပြောဆိုဆွေးနွေးထားတာတွေ ရှိပါတယ်။”

ခရီးစဉ်ပထမနေ့မှာ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများနဲ့တွေ့ဆုံခဲ့ရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စယန်ဟီလီနဲ့ ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲဟာ Free and fair ဖြစ်နိုင်၏၊ မဖြစ်နိုင်၏အခြေအနေတွေ၊ ဥပမာ voter list နဲ့ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုတွေဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အဲဒါလည်း ပြောဖြစ်ပါတယ်။ အရမ်းကပ်နေတဲ့အခါမှာ ပြန်ပြင်ဖို့ဆိုတာ ကျနော်ထင်တယ်ဗျ။ အချိန်က မလုံလောက်ဘူး၊ မလွယ်လောက်ဘူး။ မဲစာရင်းတွေက မှားယွင်းနေတယ်။ တော်တော်လေးကို မှားယွင်းနေတယ်ဆိုတာ အသံတွေပေါင်းစုံနဲ့ကြားနေရတယ်ဗျာ။ ဆိုတော့ - အဲဒီအခြေအနေကိုတော့ ကျနော်တို့ ပြောပြခဲ့လိုက်တယ်။”

မစ္စယန်ဟီးလီဟာ သတင်းလွတ်လပ်ခွင့်နဲ့ဆိုင်တဲ့အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက်လည်း ပြည်တွင်း သတင်းထောက်အချို့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ သွားရောက်တွေ့ဆုံခဲ့တဲ့ စာနယ်ဇင်း ကောင်စီက ကိုမြင့်ကျော်ကတော့ သတင်းထောက်တွေအပေါ် တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တယ်လို့ အခုလိုပြောပါတယ်။

“သတင်းမီဒီယာဥပဒေနဲ့စွဲသင့်သည်ဖြစ်စေ၊ တကယ်စွဲသင့် စွဲထိုက်တဲ့ပမာဏထက် ၁၁ ယောက်လုံး စွဲတာတို့၊ ၁၇ ယောက်လုံးစွဲတာတို့ - အဲဒီကိစ္စမျိုးတွေက ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်ပေါ့နော်၊ ဝန်ထုတ်ဝန်ပိုးတော့ ရပ်တန့်အောင်ကြိုးစားတဲ့သဘောမျိုးတွေဖြစ်တယ်ပေါ့နော်။ အဲဒါတွေက နောက်ဆို လွတ်လွတ်လပ်လပ် ရေးသားဖို့အတွက် မဝံ့မရဲနဲ့ စိုးရိမ်မှုတွေဖြစ်စေတယ်ပေါ့။”

ခရီးစဉ်နောက်ဆုံးနေ့ သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွား မှာလည်း ဖြစ်ပါတယ်။ မစ္စယန်ဟီလီဟာ ဒီခရီးစဉ်ကနေရရှိတဲ့ တွေ့ရှိချက်တွေကို အောက်တိုဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG