သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ်


People bring flowers and candles to the Dutch embassy in Kyiv, Ukraine, to commemorate the victims of the Malaysia Airlines Boeing 777 plane crash.
People bring flowers and candles to the Dutch embassy in Kyiv, Ukraine, to commemorate the victims of the Malaysia Airlines Boeing 777 plane crash.
မကြာသေးခင်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာ
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဒုက္ခရောက်နေသူတွေကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ က အကူအညီတွေ ပေး အပ်တော့မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ အရှိန် လျော့ကျလာတာနဲ့အမျှ ကုလသမဂ္ဂ က အကူအညီ ပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။

ကချင်ပြည်နယ်က ဒုက္ခသည်အရေး နောက်ဆုံး အခြေအနေတွေကို
တော့ ဆက်သွယ်စုံစမ်း ထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေးအတွက် စတင် ဆွေးနွေး ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ က ဒုက္ခသည်တွေအတွက် အကူအညီပေးရေး လုပ်ငန်းတွေကို စတင်လိုက်တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသတွင်းမှာ ရှိနေတဲ့ ဒုက္ခသည်စခန်း ၄၁ ခုက လူပေါင်း ၅၀၀၀ ကျော်အတွက် အခြေခံ လူသုံးကုန် ပစ္စည်းတွေကို ကုလသမဂ္ဂ က ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း ရန်ကုန် ကုလသမဂ္ဂ ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က ပြောခဲ့တာပါ။

“တန်ဘိုးအားဖြင့်တော့ ကျနော် သိပ်မသိဘူး။ တန်ချိန်အားဖြင့် ၉၃ တန်လောက်တော့ ရှိမယ်လို့ သိရပါတယ်။”

အခုဆိုရင် ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ယာဉ်တန်းဟာ ကချင်ပြည်နယ် ဖားကန့်ဒေသကို ဦးတည်ပြီး ရန်ကုန်မြို့ကနေ ထွက်ခွာသွားပြီလို့လည်း သူ က ပြောပါတယ်။ ပထမဆုံး အစီအစဉ် အဖြစ်နဲ့ ပို့ဆောင်တဲ့ အကူအညီတွေဟာ လတ်တလော အစိုးရ ထိန်းချုပ်ရာ ဒုက္ခသည် စခန်းတွေ အတွက်သာဖြစ်ပြီး၊ နောက်ပိုင်း နယ်မြေ အေးချမ်း လုံခြုံလာတာနဲ့အမျှ KIO ထိန်းချုပ်ရာ ဒေသကို လည်း ပေးအပ်ဖို့ ရည်ရွယ်ထားကြောင်း ဦးအေးဝင်းက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီး ၁ နှစ်ခွဲလောက် တိုက်ပွဲတွေ ဖြစ် ပွားခဲ့ရာမှာ ဒေသခံ ၁ သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အများအပြားကတော့ KIO ထိန်းချုပ်ရာ နယ်မြေမှာ ရှိနေတာပါ။

အခုလို စစ်ဘေးသင့် ဒုက္ခသည်တွေကို ကုလသမဂ္ဂ က ကူညီမှုတွေ စတင်ဆောင်ရွက်လာတဲ့ အပေါ်မှာတော့ ကချင်ပြည်နယ်တွင်း အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ က ကြိုဆိုလိုက်ပါတယ်။

“အခုလို ယူအန်ကနေ ဒုက္ခသည်တွေကို လာကူညီတာ သိပ်ကျေးဇူးတင်ပါတယ်လို့။ ပြီးတော့ အခုလို ကျမတို့ ကချင်ဒေသတခုတည်း မဟုတ်ဘူးပေါ့နော်၊ ရခိုင်ပြည်နယ်တို့ တခြားဒေသဘက် တို့မှာလည်း ဒီလို ကူညီနေတယ်။ အခုမှ ကချင်ပြည်နယ်ကို ထိထိရောက်ရောက် လာပြီးတော့ ကူညီမယ်ဆိုတော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်လို့။ တကယ်ကို ဒုက္ခရောက်နေကြတာပါ။ ဒုက္ခသည်က အဲ့တနေရာတည်းတင် မဟုတ်ဘူး။ ကချင်ပြည်နယ် တခုလုံးလိုလို ဒုက္ခသည်တွေ နဲ့ ပြည့်နေကြတယ်။ အဲ့တော့ ဒီတောထဲတောင်ထဲမှာ ပုန်းနေတဲ့သူတွေရော၊ အပြင်ကို မထွက်လာ ရဲသေးတဲ့ ဒုက္ခသည်တွေလည်း များစွာ ရှိသေးတယ်လို့။ အဲ့ဒါကြောင့် ထပ်ပြီးတော့ ဒီ့ထက်ပိုပြီး
တော့လည်း အကူအညီတွေ ပေးစေချင်ပါတယ်လို့”

ကချင်ပြည်နယ် အနှံ့အပြားမှာ မကြာသေးခင် အချိန်အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ တာကြောင့် ဒုက္ခသည်ဦးရေဟာ အဆမတန် များပြားနေတဲ့အတွက် နောက်ထပ် အကူအညီ အမြောက်အများ လိုအပ်နေကြောင်းလည်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထောက်ပံ့ရေးယာဉ်တန်းဟာ အင်္ဂါနေ့ အစောပိုင်းမှာ ဖားကန့်မြို့ကို ရောက်ရှိမယ် လို့ မျှော်လင့်ရပြီး အကူအညီတွေကိုတော့ ခရစ်ယာန် ဘုရားကျောင်းမှာ ဖြန့်ဝေပေးဖို့ စီစဉ်ထားတဲ့ အကြောင်း NDF ပါတီရဲ့ ဖားကန့်ဒေသ ဥက္ကဌ ဦးရော်ထုံ က ပြောပါတယ်။

“မနက်ပိုင်းရောက်မယ်ထင်တယ်။ စုပြီးတော့မှ နှစ်ခြင်းဘုရားကျောင်းမှာပဲ ယူအန်က လက်ဆောင်
ပေးမှာပါ။ လောလောဆယ်က သူတို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နည်းနည်းခက်တာက ကျန်းမာရေးအစီအစဉ်၊ လူများတယ်ဆိုတော့လေ ရေလဲ နည်းနည်းရှားတယ်။ ကလေးများတယ်။ ရာသီဥတု အပြောင်းအလဲဆိုရင် ကလေးတွေ ခဏခဏ ဖျားတယ်၊ ဝမ်းလျှောတယ်”

ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိအားတွေ ပေးလာရာ ကနေ KIO နဲ့ မြန်မာအစိုးရတို့ကြား ဒီလဆန်းပိုင်းမှာပဲ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပထမဆုံး အကြိမ် ဆွေးနွေးခဲ့ကြတာပါ။

ဒီနောက်ပိုင်းမှာတော့ နှစ်ဘက် တိုက်ခိုက်မှုတွေ လျော့ပါးလာသလို၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဗီယား (Vijay Nambiar)၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) တို့လည်း သွားရောက်ခဲ့တဲ့အထိ ဖြစ်ပါတယ်။

ဒေသခံအာဏာပိုင်တွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ ကုလသမဂ္ဂ အရာရှိတွေရဲ့ ခရီးစဉ်တွေ အတွင်း စစ်ဒဏ်ကြောင့် ဒုက္ခရောက်ခဲ့သူတွေကို အကူအညီ ပေးအပ်နိုင်ရေး အစီအစဉ်တွေ ကို ဆွေးနွေးခဲ့ကြပြီးနောက် အခုလို အကူအညီတွေ စတင် ပေးအပ်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG