သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ဒုက္ခသည်တွေ အတင်းအကျပ် နေရာမရွှေ့ဖို့ ကုလသတိပေး


ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ (၁၈ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ (၁၈ အောက်တိုဘာ ၂၀၁၂)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံတဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသူတွေကို ပြန်လည်
နေရာချထားရာမှာ မကျေနပ်မှုတွေ မဖြစ်ရအောင် သတိထား ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ လအတော်ကြာ ရှိနေပေမဲ့ ဒေသခံတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွင်း ပြဿနာတွေ ကြုံနေရချိန်မှာပဲ သတိပေးချက် ထွက်ပေါ်လာတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေနဲ့အတူ ပဋိပက္ခတွေကြားမှာ ဒုက္ခသည် ဖြစ်ခဲ့ရသူတွေကလည်း ပူပန်နေကြတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေကို အာဏာပိုင်တွေက ပြန်လည် နေရာချထားတဲ့ အစီအစဉ်ကို လက်မခံ ကန့်ကွက်ရာက ထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ သတင်းတွေအပေါ် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မကြာခင်သေးခင် သီတင်းပတ်တွေအတွင်း ယာယီ ဒုက္ခသည်စခန်းတွေမှာ
နေထိုင်ကြသူတွေကို နေရာချထားတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှု ၂ ခုအတွင်း အသေအပျောက်တွေ ရှိခဲ့တာကြောင့် အာဏာပိုင်တွေအနေနဲ့ စနစ်တကျ ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညွှန်ကြားရေးမှူး Eamonn Murphy က တိုက်တွန်းခဲ့တာ ဖြစ်တဲ့အကြောင်း တနင်္လာနေ့က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Eduardo del Buey က သတင်းထောက်တွေကို ပြောလိုက်တာပါ။

“ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရာမှာ သူတို့စိတ်ဆန္ဒအတိုင်း ဆောင်ရွက်ဖို့နဲ့ အတင်းအကျပ် လုပ်ဆောင်တာမျိုး မဖြစ်စေရဘူးလို့ သူကပြောခဲ့တာပါ။ အစိုးရနဲ့ လူမှုအသိုင်းအဝိုင်းကြား ယုံကြည်ကိုးစားမှုတွေ ထူထောင်ရေးအတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေအားလုံးအတွက် အထူးသဖြင့်ကတော့ လတ်တလော အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသူတွေအတွက် ရေတိုရေရှည် အစိုးရရဲ့ အမြင်တွေနဲ့အတူ ရှင်းရှင်းလင်းလင်း ဆက်သွယ်ဆောင်ရွက်မှုတွေ စတင် ဆောင်ရွက်သွားဖို့လည်း သူက တိုက်တွန်းပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း Mr Murphy က ပြောပါတယ်။”

ရခိုင်ပြည်နယ်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတချို့နဲ့ မူဆလင်တွေကြား လွန်ခဲ့တဲ့ တနှစ်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး၊ အခုအခါ ဒီလူတွေကို ပြန်လည် နေရာချထားဖို့နဲ့ ဒေသတွင်း ထူထောင်ရေး အစီအစဉ်တွေကို မြန်မာအာဏာပိုင်တွေက စတင်ဆောင်ရွက်နေတာပါ။

ဒါပေမဲ့လည်း ဒီအစီအစဉ်မှာ ဘေးကင်းလုံခြုံမှုမရှိတဲ့ ဒေသတွေကို ချထားဖို့ စီစဉ်တာတွေ ရှိတယ်လို့ မူဆလင် အသိုင်းအဝိုင်းက စွပ်စွဲတာတွေ ရှိခဲ့သလို၊ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကြားမှာလည်း မူဆလင်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ဖို့ မလိုလားသူတွေလည်း ရှိနေကြတာပါ။

မြန်မာအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းတခုမှာ ပြောဆိုထားတာပါ။

“ဒုတိယသမ္မတကြီးဦးစီးတဲ့ ကျနော်တို့ ဗဟိုအဖွဲ့ ဖွဲ့ထားတာပေါ့။ အဲ့ဒီအောက်မှာ လုပ်ငန်းကော်မတီ ကျနော်တို့ ၇ ခု ဖွဲ့ထားပါတယ်။ သက်ဆိုင်ရာကော်မတီတွေ က ခုနပြောတဲ့ ပြန်လည်နေရာချထားရေးကော်မတီက ဒါတွေကို လုပ်နေတယ်။ ဆိုတော့ အိမ်လည်း တော်တော်များများ ပြီးပါပြီ ကျနော်သိတာလေ။ ကိန်းဂဏန်း အတိအကျတော့ ကျနော် မမှတ်မိဘူး။ အချို့လည်း ပြောင်းရွှေ့ရေး ကိစ္စ အခက်အခဲရှိနေတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကြားတာတော့ ဒါ ဇူလိုင်လအတွင်းလောက်မှာပေါ့နော် ဒါတွေ အပြီးအစီးဖြစ်အောင် ကြိုးစားဆောင်ရွက်မယ် ဆိုတဲ့ဟာလေး ဟိုနေ့က ကျနော်တို့ အစည်းအဝေးမှာ ကြားလိုက်ပါတယ်။ အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ။”

ဒါပေမဲ့လည်း လူပေါင်း ၂၀၀ လောက်အထိ သေကျေခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ အခုအချိန်အထိလည်း တင်းမာမှုတွေနဲ့ အပြန်အလှန် မယုံကြည်မှုတွေကလည်း ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် မူဆလင် ဒုက္ခသည်တွေကြားမှာတော့ အာဏာပိုင်တွေအပေါ် ယုံကြည်မှုတွေ လျော့ပါးနေသလို၊ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာ အခြေအနေရှိနေဆဲပဲလို့ ပြောကြပါတယ်။

စစ်တွေမြို့က မူဆလင် ဒုက္ခသည်တဦးကတော့ နေ့စဉ်နဲ့အမျှ စိတ်ပူနေရတုန်းပဲလို့ ပြောပါတယ်။

“ကျနော်တို့ ဘယ်နေ့ သေရမလဲ။ ကျနော်တို့ကို ဘယ်နေ့ လာသတ်မလဲဆိုတာ ကျနော်တို့ အဲ့ဒါပဲ စိတ်ပူနေရတယ်။ ကျနော်တို့ အိပ်လို့လည်း မရဘူး။ စားလို့လည်း မရဘူး။ အမြဲတမ်း ကြောက်စိတ်နဲ့ နေရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အိမ်ကလေ ရခိုင်အသိုင်းအဝိုင်းကြားမှာ ရှိတော့လေ ကျနော်တို့ ဘယ်နေ့ ဘယ်အချိန်မှာ အသတ်ခံရမလဲ မသိဘူး။”

ပြီးခဲ့တဲ့ရက်တွေမှာ တုန်းကတော့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ အမျိုးသမီးငယ်တစ်ဦးကို မတရား ပြုကျင့်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် မီးရှို့တာတွေ တိုက်ခိုက်တာတွေလို ဆူပူမှုတွေလည်း တကျော့ပြန် ဖြစ်ပွားခဲ့တာပါ။ ဒီနောက်မှာတော့ အာဏာပိုင်တွေက သံတွဲမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစလို့ ညမထွက်ရအမိန့် ကြေငြာထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်းမှာ သာမက ဘာသာရေး၊ လူမျိုးရေး အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ အပါအဝင် နေရာ အတော်များများမှာလည်း ကူးစက်ပျံ့နှံ့ခဲ့ရာက ထိခိုက်၊ သေကျေမှုတွေလည်း ရှိခဲ့ပါတယ်။

ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်းမှာ သာမက ဒေသတွင်းနိုင်ငံတွေမှာ ရောက်
နေကြတဲ့ မြန်မာနိုင်ငံသားတွေကြားမှာပါ ပဋိပက္ခတွေ ဖြစ်ပွားလာတာကြောင့်
ပြဿနာတွေ ပိုမိုကြီးထွားလာမှာကိုလည်း စိုးရိမ်တဲ့အကြောင်း ဘရုနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ထိပ်သီး အစည်းအဝေးအတွင်းမှာလည်း မလေးရှားနိုင်ငံက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG