သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အရေးပေါ်ရံပုံငွေ ထည့်ဝင်ကြဖို့ ကုလပန်ကြား


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်ထားသော ဒုက္ခသည်စခန်းအတွင်း ခိုလှုံနေသူ ရခိုင်ဒုက္ခသည်များ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်ထားသော ဒုက္ခသည်စခန်းအတွင်း ခိုလှုံနေသူ ရခိုင်ဒုက္ခသည်များ။
မြန်မာနိုင်ငံမှာ လူလူချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်ချက် တိုးလာနေတယ်လို့ ကုလ သမဂ္ဂ တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေဆီ အကူအညီပေး အဖွဲ့အစည်းတွေကို သွားခွင့်ပြုပြီး လိုအပ်နေသူတွေကို အကူအညီပေးခွင့်ပြုဖို့လည်း တောင်းဆို လိုက်ပါတယ်။ ရခိုင်ပြည်နယ်က ဘေးဒုက္ခရောက်သူတွေကို အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၃၂.၅ သန်း လှူဒါန်းကြဖို့လည်း အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကုလသမဂ္ဂ တာဝန်ရှိသူက ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေကြရသူပေါင်း ၅၀၀,၀၀၀ ကျော်တို့ရဲ့ အခြေအနေအပေါ် စိုးရိမ်မကင်း ဖြစ်မိတဲ့အကြောင်းနဲ့ အဲဒီလူတွေကို အကူအညီပေးကြဖို့ ပန်ကြားလိုက်သူကတော့ ကုလသမဂ္ဂ လူလူချင်းစာနာမှု ရေးရာဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ရဲ့ လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဂင်းဂ် (John Ging) ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံဆီ လေးရက်ကြာ သွားရောက်ခဲ့ပြီးတဲ့နောက်မှာ ကြာသပတေးနေ့က အဲဒီလို ပန်ကြားလိုက်တာပါ။ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရလာနေပေမဲ့ ပဋိပက္ခတွေက ဆက်ဖြစ်နေသေးတာကြောင့် လိုက်နာသင့်တာတွေကို လိုက်နာ လုပ်ဆောင်ဖို့ ဂျွန် ဂင်းဂ်က တောင်းဆိုပါတယ်။

“လူလူချင်းစာနာမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ လူလူ ချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့ကိုလည်း ဂျွန်း ဂင်းဂ်က တောင်းဆိုခဲ့ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက် သိသာထင်ရှားတဲ့ အားထုတ်မှုတွေကို မြန်မာအာဏာပိုင်တွေ လုပ်ခဲ့တယ်ဆိုတာ OCHA အဖွဲ့က အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း ကချင်ပြည်နယ်မှာ ပဋိပက္ခဆက်ဖြစ်နေပြီး ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၆၀,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်နေရပါတယ်။”

ဂျွန် ဂင်းဂ်ရဲ့မှတ်ချက်တွေကို ကြာသပတေးနေ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီး (Martin Nesirky) ကပြောသွားတာပါ။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျွန် ဂင်းဂ်ဟာ မြန်မာအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ရထား ပို့ဆောင်ရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတော့ မြန်မာအစိုးရနဲ့ လူလူချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ အကြား သိပ်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တာကို ယေဘုယျအားဖြင့် ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO တွေက ဝန်ထမ်း ၁၄ ဦးကို မြန်မာတာဝန်ရှိသူတွေက မကြာသေးခင်ကပဲ ထိန်းသိမ်းထားတဲ့အပေါ် အထူး စိုးရိမ်ကြောင်း ပြောခဲ့တယ်လို့ သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီဝန်ထမ်းတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေကို လေးစား လိုက်နာဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က တောင်းဆိုခဲ့တာကို အခု မစ္စတာ ဂျွန် ဂင်းဂ်ကလည်း ထပ်ပြီး တောင်းဆိုပါတယ်။
အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေသလို ပဋိပက္ခတွေကို စနစ်တကျ ကိုင်တွယ် မဖြေရှင်း ရင် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်ကိုလည်း သူက သတိပေးခဲ့ပါတယ်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရနေချိန်မှာပဲ ပဋိပက္ခနဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြား တင်းမာမှုတွေ ဆက်ရှိနေတာဟာ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ပြီးတော့ လူလူချင်းစာနာမှု ဆိုင်ရာ အကူအညီတွေလိုအပ်ချက်ကို ကြီးမားလာစေပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီးပါ။
လေးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျွန် ဂင်းဂ်ဟာ ရခိုင်ပြည်နယ်ဆီ နှစ်ရက်ကြာ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ အိုးအိမ် စွန့်ခွာထွက်ပြေးသူတွေ ခိုလှုံနေကြတဲ့ သက်ကယ်ပြင် စခန်းနဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတွေဆီ သွားရောက်ပြီး ဒုက္ခရောက် နေသူတွေ ကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

အဲဒီလူတွေရဲ့ ချက်ခြင်းလက်ငင်း လိုအပ်ချက်တွေကို ကူညီဖို့နဲ့ တချိန်တည်းမှာပဲ လူမှုအဖွဲ့အစည်း အချင်းချင်းအကြား နောက်ထပ် ပဋိပက္ခမဖြစ်အောင် တားဆီးကာကွယ်နိုင်ဖို့ရာ အခြေခံကျတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ မစ္စတာဂင်းဂ် က ပြောပါတယ်။

ရခိုင်ပြည်နယ်က ဘေးဒဏ်သင့်သူတွေအတွက် ရခိုင်ပြည်နယ် လူလူချင်းစာနာမှု တုံ့ပြန် လုပ်ဆောင်ရေး ဆိုင်ရာ စီမံကိန်း ဆိုတာအတွက် ဒေါ်လာ ၃၂.၅ သန်း လှူဒါန်းကြဖို့လည်း မစ္စတာဂင်းဂ်က ပန်ကြားထားပါတယ်။ အလိုအပ်ဆုံးလူတွေကို ချက်ခြင်း အကူအညီပေးဖို့အတွက် ကုလသမဂ္ဂရဲ့ အရေးပေါ် တုန့်ပြန်လုပ်ဆောင်ရေး ဗဟိုရန်ပုံငွေ (CERF) ကနေ အမေရိကန် ဒေါ်လာ ၅ သန်းကို ကုလသမဂ္ဂလူလူချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမို့စ် (Valerie Amos) က ပေးအပ်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ တူရကီနိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဟာလည်း မြန်မာနိုင်ငံ မှာရောက်နေပြီး သြဂုတ်လ ၉ ရက်နေ့က သမ္မတနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ဒေသ အရေးကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ပုံရိပ်ကို မထိခိုက်စေလိုကြောင်း၊ ရခိုင်ပြည်နယ်ဆီ သွားခွင့်ရတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ အဲဒီဒေသရဲ့ ပကတိအခြေအနေကို သိရရင် တခြားနိုင်ငံတွေကို ပြန်ပြောပြ နိုင်မယ့်အခွင့်အရေး ရမယ့်အကြောင်းနဲ့ လာမယ့်သီတင်းပတ် ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပမယ့် အစ္စလာမ်မစ် ညီလာခံအဖွဲ့ OIC အစည်းအဝေးမှာ ရခိုင်ဒေသအရေးကို ရှင်းလင်းတင်ပြပါမယ်ဆိုပြီး တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာကို သမ္မတရုံး အင်တာနက်စာမျက်နှာမှာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်က အခုဖြစ်စဉ်ကို လူသားချင်း စာနာထောက်ထားမှုနဲ့ ရှုမြင်ပြီး အစ္စလာမ်ဘာသာဝင် ဗုဒ္ဓဘာသာဝင် အားလုံးကို ကူညီရမယ့်အကြောင်း၊ လောလောဆယ် တူရကီနိုင်ငံက အလှူရှင်တွေ ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရခဲ့ပြီး ဒုက္ခသည်တွေကို ကူညီလိုပါတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG