သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ ဆီးရီးယားအရေး ဆုံးဖြတ်ချက်မဲခွဲ


ဆီးရီးယားနိုင်ငံမှာ စစ်ပွဲကို အရှိန်မြင့်အောင် အစိုးရက လုပ်ဆောင်နေတာကို ရှုတ်ချဖို့ ဗုဒ္ဓဟူးနေ့ကပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲပေးခဲ့ကြပြီး၊ နိုင်ငံရေး အကူးအပြောင်း လုပ်ဆောင်လို့ နိုင်ငံရေးပါတီအဖြစ် အတိုက်အခံ ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ရဲ့ အခန်းကဏ္ဍကို ထောက်ခံခဲ့ကြပါတယ်။

ကာတာနိုင်ငံက မူကြမ်းရေးဆွဲပေးတဲ့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၀၇ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ ၅၉ နိုင်ငံက မဲမပေးဘဲ နေခဲ့တာမို့လို့ မနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်တဲ့ ကြေငြာချက်ကို ထောက်ခံတဲ့ အရေအတွက်ထက် ဒီနှစ်မှာ လျော့နည်းသွားပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ ဆီးရီးယား အစိုးရဟာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ မသင်္ကာဖွယ် ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အဖွဲ့ကို နိုင်ငံထဲ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ တောင်းဆိုထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ခွင့်ပြုချက်နဲ့ အဲ့ဒီအဖွဲဟာ ဆီးရီးယားကို သွားရောက်ဖို့ အဆင်သင့်ရှိပေမဲ့ ဆီးရီးယားအစိုးရ က ပေးမဝင်ပါဘူး။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ ဆီးရီးယားနိုင်ငံက တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံက ပြောသွားပါတယ်။

ဂျနီဗာမြို့မှာ ငြိမ်းချမ်းရေး ညီလာခံကို ဇွန်လမှာ ကျင်းပဖို့ အစီအစဉ်တွေ အခြေအနေကောင်းတာကြောင့် သူရော ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ် (Sergei Lavrov) ရောက ဒီအစီအစဉ် အောင်မြင်ဖို့ အထူး မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ဆွီဒင်နိုင်ငံမှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

မစ္စတာ လာ့ဗ်ရော့ဗ် ကလည်း အဲ့ဒါကို ထောက်ခံပြီး ရုရှားအစိုးရရော အမေရိကန် အစိုးရရောက ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတို့ကြား ညှိနှိုင်းမှုတွေကို ထောက်ခံဖို့ တခြားနိုင်ငံတွေရဲ့ ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ ပြောသွား ပါတယ်။
XS
SM
MD
LG