သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တည်ငြိမ်ရေး ဆွေးနွေးအဖြေရှာဖို့ ကုလတိုက်တွန်း


စစ်တွေမြို့ ဒုက္ခသည်စခန်းတခုရှေ့မှာ လုံခြုံရေးချထားတဲ့ အစောင့်တပ်သား (၂၇ အောက်တိုဘာ ၂၀၁၂)
စစ်တွေမြို့ ဒုက္ခသည်စခန်းတခုရှေ့မှာ လုံခြုံရေးချထားတဲ့ အစောင့်တပ်သား (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်နယ်မှာ သောကြာနေ့က ရဲတွေနဲ့ မူဆလင်တွေကြား အဓိကရုဏ်းတွေ ဖြစ်ပွားပြီး လူသေဆုံးတဲ့အထိ ဖြစ်ရတာမို့ နှစ်ဘက် ယုံကြည်မှု တည်ဆောက်ကြဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား ကိုယ်တိုင် ရောက်နေပြီး ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးနေမှုတွေ လုပ်ဆောင်နေချိန်မှာပဲ အင်္ဂါနေ့က Geneva မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ အေဒရီယန် အက်ဝပ်စ် (Adrian Edwards) က အခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မနှစ်က ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ လူ ၂၀၀ လောက် သေဆုံးခဲ့ရသလို ထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ သောကြာနေ့ကတော့ စစ်တွေမြို့နားက မူဆလင် အများစုနေထိုင်ရာ အုန်းတောကြီး ဒုက္ခသည်စခန်းက ဒုက္ခသည်တချို့နဲ့ ရဲစခန်းက တာဝန်ခံတွေကြား ပဋိပက္ခတွေ ထပ်ပြီး ဖြစ်ခဲ့တာမို့ နှစ်ဘက် ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Adrian Edwards က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က မူဆလင်တွေနဲ့ လုံခြုံရေး ရဲတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ အိုးအိမ်ရွှေ့ပြောင်း နေထိုင်နေတဲ့ ဒုက္ခသည်တွေနဲ့ ရဲတွေကြား ယုံကြည်မှု တည်ဆောက်ကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းပြောဆိုကြဖို့ ကျွန်တော်တို့ ထပ်ပြီး ပန်ကြားလိုပါတယ်။ ဒါမှ နောင်မှာ ဒီလိုအဖြစ်မျိုးနဲ့ ထပ်ပြီး မကြုံကြရမှာ ဖြစ်ပါတယ်။”

ဆူပူမှုဟာ သောကြာနေ့ မနက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး စစ်တွေမြို့ပြင်က ဒုက္ခသည်စခန်းနားက အုန်းတောကြီးချောင်းဝမှာ တွေ့ရတဲ့ လူသေအလောင်းနဲ့ ပတ်သက်ပြီး ရဲစခန်းနဲ့ ဒုက္ခသည်စခန်းက လူစု စကားများကြရာက စဖြစ်ပွားတာပါ။

ရဲကပစ်ခတ်လို့ လူ ၄ ဦး ခေါင်းမှာ သေနတ်ဒဏ်ရာရခဲ့သလို ဒုက္ခသည်စခန်းက လူအုပ်က မီးရှို့မှုတွေ လုပ်ဆောင်ခဲ့ပြီး လူ ၃ ဦးကိုပါ ရဲက ဖမ်းဆီးခဲ့ပါတယ်။ အခုလို ဖြစ်ပွားတဲ့ ဆူပူမှုတွေဟာ ကောလဟာလတွေကြောင့် ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူတဦးကိုပါ သေဆုံးစေခဲ့တဲ့ ဒီဆူပူမှုနဲ့ ပတ်သက်ပြီး အခုတော့ အခြေအနေဟာ ပြန်လည် တည်ငြိမ်နေပြီလို့လည်း ပြောပါတယ်။

“တနင်္ဂနွေနေ့ကတော့ သေနတ်ထိမှန်ခဲ့သူတဦး အဲဒီဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတချို့ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေဆီက သတင်းတွေ ကျနော်တို့ ရပါတယ်။ ခိုင်လုံတဲ့ သတင်းကို မရနိုင်ဘဲ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ကောလဟာလတွေက အရမ်း ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ကတော့ ဒီပြဿနာဖြစ်နေတဲ့ ဒုက္ခသည်စခန်းမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ပြန်လုပ်လို့ရအောင် အခြေနေပေးလာပါပြီ။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ဒုက္ခသည်စခန်းမှ စနစ်တကျ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ပေးနေသလို အာဏာပိုင်တွေကိုပါ အပြုသဘောဆောင် ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ အကူညီတွေ ပေးနေတယ်လို့ ပြောပါတယ်။

“ဒုက္ခသည်တွေ ယာယီ ခိုလှုံရေးအတွက် ကျနော်တို့ အခု အဓိက လုပ်ဆောင်ပေးနေပါတယ်။ နောက်တခါ ဒါမျိုး ဆူပူမှု ထပ်ပြီး မဖြစ်ပွားစေဖို့အတွက်လည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိလာစေဖို့ အာဏာပိုင်တွေကိုပါ အကူညီတွေ ပေးနေပါတယ်။ ဒါ့အပြင် IDP တွေနဲ့အတူ ဒုက္ခသည်စခန်းမှာ စနစ်တကျ ဖြစ်လာစေဖို့အတွက် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ပေးနေတာပါ။ ဒီလိုလုပ်ဆောင်မှ နောင်မှာ အခုလို ပြဿနာ တစုံတရာ ပေါ်လာခဲ့ရင် ပို မကြီးထွားလာစေဖို့ ကြားဝင်ပြီး ဖျန်ဖြေပေးနိုင်မှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ရခိုင်ပြည်နယ်ထဲမှာ အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူပေါင်း ၁ သိန်း ၄ သောင်းလောက် ရှိနေတာပါ။ ဒါ့အပြင် ဝေးလံခေါင်ဖျား လူသူအရောက်အပေါက်နဲတဲ့ နေရာတွေမှာ ခိုလှုံနေသူက ၃ သောင်း ၆ ထောင်လောက် ရှိနေပြီး ဒီအထဲက ထက်ဝက်လောက်အတွက် ကုလသမဂ္ဂက ထိရောက်တဲ့ အကူညီတွေ မပေးနိုင်ဘဲ ဖြစ်နေတယ်လို့လည်း မစ္စတာ Edwards က ပြောပါတယ်။
XS
SM
MD
LG