သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်မှု အပြောင်းအလဲ ဥပဒေနဲ့ကိုက်ညီဖို့ ကုလတိုက်တွန်း


နေပြည်တော် လွှတ်တော်အစည်းအဝေးဖွင့်စဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦး တခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ တွေ့ရစဉ်။ (ဇူလိုင် ၄၊ ၂၀၁၂)
နေပြည်တော် လွှတ်တော်အစည်းအဝေးဖွင့်စဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦး တခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ တွေ့ရစဉ်။ (ဇူလိုင် ၄၊ ၂၀၁၂)

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်း အပြောင်းအလဲတွေလုပ်ဆောင်တဲ့နေရာမှာ ဥပဒေနဲ့ ကိုက်ညီမှုရှိဖို့၊ လာမယ့် ရွေးကောက်ပွဲကို မထိခိုက်စေဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌရာထူး တရားဝင် လွှဲပြောင်းတဲ့ အခမ်းအနားကို နေပြည်တော်မှာ မနေ့က လုပ်ဆောင်ခဲ့ပြီး၊ ပါတီဥက္ကဋ္ဌဖြစ်တဲ့ သမ္မတဦးသိန်းစိန်လည်း အစည်းအဝေးမစတင်မီ လာရောက်ခဲ့ တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။ သမ္မတဦးသိန်းစိန် ပါတီရုံးချုပ်ကို သွားရောက်တာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံနဲ့ ငြိစွန်းတယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီတွင်းမှာ ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူနေတဲ့ သူရဦးရွှေမန်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖယ်ရှားပြီးသူ့နေရာမှာ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အစားထိုးပြီး ခေါင်ဆောင်းပိုင်း အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ အခုလို အပြောင်းအလဲတွေ လုပ်ဆောင်ရမှာ ဥပဒေနဲ့ ကိုက်ညီမှုရှိဖို့နဲ့ လာမယ့်ရွေးကောက်ပွဲတွေကို မထိခိုက်စေဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Stephen Dujurric ကတော့ -

“မြန်မာနိုင်ငံမှာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်တဲ့အကြောင်း ကျနော်တို့ သိရှိထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပတော့မယ့်၊ အရေးကြီးတဲ့ကာလကို ရောက်နေပြီဖြစ်တဲ့အတွက် အခုလို အရေးယူဆောင်ရွက်မှုအားလုံးဟာ တည်ဆဲဥပဒေနဲ့ ကိုက်ညီပြီးတော့ ဒီမိုကရေစီမူဘောင်ကို အားဖြည့်ပေးရရောက်စေတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာလေးစားရာ ရောက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ရေးအတွက် ပါဝင် ပတ်သက်နေသူအားလုံး သံန္နိဌာန် ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ပေးကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းပါတယ်။”

လက်ရှိ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ပါတီအကြီးအကဲအဖြစ်ကနေ ဖယ်ရှားလိုက် ပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွွံ့ဖြိုးရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံး အကြိမ် မျက်နှာစုံညီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်လည်း နေပြည်တော်က ပါတီရုံးချုပ်ကို လာရောက်ခဲ့ပြီး ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၉၉/ခ) အရ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးဋ္ဌေးဦးကို ပါတီရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။ အခုလို သမ္မတဦးသိန်းစိန် ပါတီရုံးချုပ်ကို သွားရောက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ငြိစွန်းနိုင်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတအဖြစ် ရွေးချယ်ခံရပြီးသူသည် ပါတီ၏လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခြင်းမှ ရပ်ဆိုင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်- ဆိုပြီးတော့ ပါပါတယ်။ အဲဒီတော့ ဒီကိစ္စမှာ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညီလာခံပြုလုပ်နေတယ်၊ အစည်းအဝေး ပြုလုပ်နေတယ် ဆိုလို့ရှိရင် အစည်းအဝေးကနေပြီးတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ၊ အဖွဲ့ဝင်တွေရဲ့ သဘောဆန္ဒနဲ့ ဥက္ကဋ္ဌနေရာကို အပြောင်းအလဲလုပ်တယ်ဆိုလို့ရှိရင် ဒါက အခြေအနေတမျိုးဖြစ်ပါတယ်။ အခုတော့ သမ္မတဖြစ်တဲ့သူကနေပြီးတော့ ပြန်လည်ပြီးတော့ ဦးရွှေမန်းရဲ့ရာထူးကိုဖြုတ်ပြီးတော့ ဦးဌေးဦးကို အစားထိုးတယ်ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ပြဌာန်းချက်နဲ့ လုံးဝကြီးဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။”

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကတော့ သမ္မတဦးသိန်းစိန်ဟာ အခမ်းအနားမစတင်မီ လာရောက်ပြီး ပူးတွဲဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းတာနဲ့ ပတ်သက်ပြီး ပါတီလွှတ်တော်ကိုယ်စားလှယ်တွေကို လာရောက်ရှင်းပြတာသာဖြစ်တယ်လို့ ပါတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ပါတီရဲ့ အစည်းအဝေးကိုတက်ရောက်တာမဟုတ်ဘဲ ပြန်ထွက်ခွာသွားတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွှတ်တယ်လို့ ပြောလိုက်ပါတယ်။

အခုလို သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားလိုက်တဲ့အတွက် လွှတ်တော်တွင်းမှာရော သူ့အနေနဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ ဆက်ပြီး ရှိပါအုံးမလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ မကြာသေးခင် သီတင်းပတ်တွေကပဲ သူရဦးရွှေမန်းရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တချို့က သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုပ်သိမ်းဖို့အတွက် တောင်းဆိုတာတွေရှိခဲ့သလို ရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို ထပ်မံတိုက်တွန်းထားပါတယ်။ ဒီဥပဒေကို အတည်ပြုနိုင်ဖို့နဲ့ ဦးရွှေမန်းရဲ့ နိုင်ငံရေးအလားအလားနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦး ပြောတာကတော့ -

“အရွေးချယ်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ပြန်လည်ပြီးတော့ ရုပ်သိမ်းမယ်ဆိုလို့ရှိရင် အများပြည်သူရဲ့တောင်းဆိုမှု ၁ % လို့ ပြောတယ်။ အဲဒီလို ၁ % လို့ ပြောတဲ့အထဲမှာ အလွယ်တကူနဲ့တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဖြုတ်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘက်ကလည်း ပြန်လည်ပြီးတော့ ခုခံချေပခွင့်ရှိတယ်။ အဲဒီတော့ အဲဒီလို ခုခံချေပဖို့အတွက် ရှေ့နေဖြင့်သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း ခုခံဆောင်ရွက်နိုင်တာ ဖြစ်တယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ကိုယ်စားလှယ်အဖြစ်ကနေ သတ်မှတ်ထားခြင်းကို ရုပ်သိမ်းဖို့အတွက်ဆိုရင်တော့ ကျနော်တို့ ဥပဒေပြဌာန်းထားဖို့လိုတယ်။ နည်းဥပဒေ ပြဌာန်းဖို့ လိုပါတယ်။ အဲဒီတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ မရှိသေးဘဲနဲ့တော့ အခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို ဥက္ကဋ္ဌနေရာကနေ ဖယ်ရှားမယ်ဆိုလို့ရှိရင်တော့ အနည်းဆုံး ကျနော်ထင်ပါတယ်၊ နိုဝင်ဘာလောက်အထိတော့ ဖြစ်နိုင်အုံးလိမ့်မယ်လို့ မထင်ပါဘူး။”

လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့မှာ ပြန်လည်စတင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိနေတဲ့အတွက် နိုင်ငံရေးအင်အားစုတွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG