သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး


ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း ဒုက္ခသည်စခန်း။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း ဒုက္ခသည်စခန်း။

လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက် တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှု အသိုင်းအဝိုင်းတွေ ရဲ့ အခြေခံ လိုအပ်ချက်အပေါ် လုပ်ဆောင်စရာတွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ဆိုင်ရာ အရာရှိနှစ်ဦးဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့် ရှုခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း စစ်ဆေးခဲ့ကြ တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်းအားလုံးကို လိုအပ်ချက်တွေ ကို ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်ရေးနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်တယ်လို့ သွားရောက်ခဲ့သူ အရာရှိတဦးဖြစ်တဲ့ UNDP ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် အာရှ ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှုး Haoliang Xu က ပြောခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ သူနဲ့အတူ ရခိုင်ပြည်နယ်ကို သွားရောက်ရာမှာ OCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံး လုပ်ငန်းအစီအစဉ် ညွန်ကြားရေးမှုး John Ging လည်း ပါဝင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အဲဒီဒေသက လူသားချင်းစာနာကူညီမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်နိုင်ဖို့ ဖြစ်တယ်လို့ နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Stephane Dujarric က ပြောပါတယ်။

“ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို အကဲဖြတ်ဖို့နဲ့၊ အဲဒီဒေသပြည်သူတွေရဲ့ ဖွံဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို သုံးသပ်ဖို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို နှစ်ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။”

အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြိုးပမ်းချက်ကြောင့် အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမယ့်လို့ ဒေသခံ လူအတော်များများကြုံနေရဆဲ လူမှုအကျပ်အတည်းတွေကတော့ လက်မခံနိုင်လောက်အောင် အခက်အခဲတွေ ရှိနေတုန်းပဲလို့ OCHA အရာရှိ John Ging က ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေရရှိရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ လမ်းပမ်းဆက်သွယ်ရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရကနေ အရည် အသွေး ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ချက် ရှိတယ် ဆိုတာကိုလည်း ကုလအရာရှိတွေက ထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့နဲ့၊ ဒုက္ခသည်တွေအတွက် ရေရှည်တည်တံတဲ့ အဖြေထုတ်နိုင်ဖို့ လုပ်ဆောင်စရာတွေ အတော်များများရှိနေတယ်ဆိုတာကို UNDP ညွန်ကြားရေးမှုး Mr.Xu က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ရောက်လာတုန်းက အခြေအနေတွေထက် ပိုပြီး တိုးတက်လာမှုမြင်ရပေမယ့်လည်း၊ လုပ်ဆောင်ရမယ့် ကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်သွားရလိမ့်မယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု အရာရှိ Mr.Ging က ပြောဆိုခဲ့တဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ တိုးတက်လာတဲ့အခြေအနေတွေထဲမှာတော့ လူမှုအသိုင်းအဝိုင်း အချင်းအချင်းကြား ဆွေးနွေးမှုတွေကနေ လက်တွေ့ကျတဲ့ အပြုသဘောဆောင်ရလာဒ်တွေ ရရှိလာတယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွင်း က ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး၊ အဲဒီက နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်။ မင်းပြားနဲ့ စစ်တွေမှာရှိတဲ့ ကျေးရွာတွေ ကိုလည်း သွားရောက်ပြီး ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ်က ဆောင်ရွက်မှုတွေ ကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့သလို၊ UNDP နဲ့ ပြည်နယ်အစိုးရ ပူးတွဲလုပ်ဆောင်နေတဲ့ တံတားဆောက်လုပ်ရေးလုပ်ငန်းတခုကို ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ သွားရောက်ဖွင့်လှစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ဒေသဟာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး၊ မကြာခင်နှစ်တွေက ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် လူဦးရေ တသိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခုချိန်အထိ နေထိုင်နေကြရဆဲရှိပါတယ်။

XS
SM
MD
LG