သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MSF ရခိုင်ပြည်နယ်ဝင်ခွင့် ကုလကြိုဆို


မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org

MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွ့ဲအစည်းတွေကို ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ လုပ်ငန်းတွေပြန်လုပ်ဖို့ မြန်မာအစိုးရ ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကုလသမဂ္ဂ နဲ့ MSF အဖွဲ့တို့က ကြိုဆိုလိုက်ပါတယ်။ မြန်မာဘက်က MSF အဖွဲ့ကို ရခိုင်ပြည်နယ်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်ပြီးတဲ့နောက် အခုလိုကြိုဆိုလိုက်တာပါ။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ လုပ်ကိုင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားဖို့လိုအပ်တယ်လို့ ပြောလိုက်ပြီး၊ အခုလိုဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ MSF က သတိနဲ့ ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့် မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ပြန်လုပ်ဖို့အတွက် မြန်မာအစိုးရဘက်က ကြာသာပတေးနေ့မှာ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာအာဏာပိုင်တွေဘက်က MSF အဖွဲ့ကို ဒေသတွင်းကနေ ထွက်ခွာဖို့ ပြောခဲ့ပြီးတဲနောက် ၅ လ နီးပါအကြာမှာ အခုလို ပြန်လာဖို့အတွက် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အခုလို မြန်မာအစိုးရ နဲ့ ရခိုင်ပြည်နယ်အစိုးရတို့ဘက်က MSF အဖွဲ့ကို ဒေသတွင်းမှာ ကျန်းမာရေး အကူအညီတွေပေးနေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှနှိုင်းဆောင်ရွက်ရေးရုံး နဲ့ MSF အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

"MSF အပါအဝင် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ NGO အဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ကို ပြန်လာပြီး သူတို့ရဲ့ လုပ်ငန်းတွေလုပ် ဖိတ်ခေါ်တာဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို အများသိအောင်ကြေငြာပေးခဲ့တဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တကယ်လက်တွေ့လုပ်တဲ့နေရာမှာ ဘယ်လိုရှိမယ် ပြီးတော့ ကျန်းမာရေးအကူအညီတွေလိုအပ်တဲ့နေရာတွေကို MSF အဖွဲ့နဲ့ အကူအညီပေးရေးအစီအအစဉ်တွေဘယ်လိုရှိမယ်ဆိုတာကို အခုချိန်မှာ ကျနော်တို့ စောင့်ကြည့်သွားဖို့လိုပါတယ်။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှနှိုင်းဆောင်ရွက်ရေးရုံး ပြောခွင့်ရ Pierre Peron ပြောသွားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း MSF အဖွဲ့အနေနဲ့ သူတို့ရဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို အပြည့်အဝလုပ်ကိုင်ခွင့်ရမရဆိုတာကိုတော့ မြန်မာအစိုးရဘက်က အတိအကျထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။ MSF အဖွဲ့ကလည်း သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ လုပ်ကိုင်သွားနိုင်မလဲ ဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

MSF အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်မှာရှိတဲ့ ဒုက္ခသည်စခန်း ၂၄ ခုအပါအဝင် ၊ကျေးရွာအတော်များများမှာရှိနေတဲ့သူတွေအတွက် ကျန်းမာရေး အကူအညီတွေပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ MSF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အကူအညီတွေပေးတဲ့နေရာမှာ ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒေသတွင်းကနေ ထွက်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒေသခံ အာဏာပိုင်တွေက MSF အဖွဲ့ကို ပြည်နယ်တွင်းက ထွက်ခွာခိုင်းတဲ့အချိန်မှာ MSF က ပေးနေတဲ့ အကူအညီတွေနေရာမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေး အကူအညီတွေနဲ့ အစားထိုးသွားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့လည်း အမ်စတာဒမ်မှာရှိတဲ့ MSF အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Marcel Langard ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူအတော်များများအတွက်ကို ဆေးဝါးအကူအညီတွေပေးနိုင်ဖို့အတွက်ကတော့ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ရှိနေတုန်းပဲလို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး Pierre Peron ပြောတာကတော့

"ရခိုင်ပြည်နယ်မှာ MSF က ကျန်းမာရေးအကူအညီပေးနေတာဟာ လူ ၅ သိန်းလောက်ရှိပြီး၊ ဒါကို နေ့ချင်းညချင်း အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်က MSF အဖွဲ့ကို ထုတ်ပစ်လိုက်တာဟာ ပြည်နယ်အတွင်းက အကူအညီအရမ်းကိုလိုအပ်နေတဲ့ သူတွေအပေါ်မှာ အကြီးအကျယ်ထိခိုက်မှုရှိတယ်လို့ ကျနော်တို့ တကယ်ကို မြင်တာပါ။"

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Kyaung-Wha Khan ဒေသတွင်းက ဆိုးရွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရတာဝန်ရှိသူတွေ အပါအဝင် ဒေသခံအာဏာပိုင်တွေဘက်က အခုလို ဆုံးဖြတ်လိုက်တာဟာ ကြိုဆိုရမယ့် လုပ်ရပ်ဖြစ်တဲ့ အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတယ်လို့ Pierre Peron က ဆက်ပြောပါတယ်။

"ရခိုင်ပြည်နယ်အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်တွေကို မြန်မာအစိုးရ က ချမှတ်ခဲ့တာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြိုဆိုပါတယ်။ ကျနော်တို့ နားလည်တာကတော့ ဒီ လုပ်ငန်းအစီအစဉ်က လူသားချင်းစာနာမှု အခြေအနေတွေကို တင်မဟုတ်ဘဲ၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ကြည့်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အဆင်းရဲဆုံးပြည်နယ်တွေထဲက တခုဖြစ်ပြီး၊ အိုးအိမ်စွန့်ပစ်ပြီး ပြေးနေရတဲ့သူတွေ၊ နိုင်ငံမဲ့တွေတင်မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးက အတိုင်းအတာတခုအထိ အကူအညီတွေလိုအပ်နေတယ်ဆိုတာ ရှင်းပါတယ်။"

၁၉၉၉ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့တဲ့ MSF အဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး ၊ ဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရမ်းကိုလိုအပ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ သူတို့အနေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါးအကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ချက်ချင်းပေးသွားနိုင်ဖို့ မျှော်လင့်တယ်လို့ MSF အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG