သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု ကုလကြိုဆို


ရန်ကုန် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ တချို့ကို အင်္ဂါနေ့က တွေ့မြင်ရစဉ်
ရန်ကုန် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ တချို့ကို အင်္ဂါနေ့က တွေ့မြင်ရစဉ်
မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက အများအပြားကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး ကတိတွေကိုလည်း မြန်မာအစိုးရက အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၇၀ ကျော်ကို အင်္ဂါနေ့တုန်းက လွှတ်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ သမ္မတဦးသိန်းစိန် ရဲ့ ဒုတိယအကြိမ် ဥရောပခရီးစဉ်အဖြစ်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေစဉ် နိုင်ငံရေး အကျဉ်းသားတွေကို ဒီနှစ်ကုန် နောက်ဆုံးထား လွှတ်ပေးဖို့ ရည်ရွယ်ထားတဲ့အကြောင်း ကတိပေးထားတဲ့အတိုင်း စတင်ဆောင်ရွက်လာတဲ့ အစီအစဉ်အဖြစ်နဲ့လည်း ကြိုဆိုခဲ့တာလို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နစာကီ (Martin Nesirky) က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်သလို၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း သမ္မတဦးသိန်းစိန် က နှစ်မကုန်ခင် ပြန်လွှတ်ပေးမယ်လို့ မကြာသေးခင်တုန်းက ပြောခဲ့တဲ့အပေါ်မှာ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒီလိုအစီအစဉ်တွေ အပါအဝင် မကြာသေးခင်တုန်းက ဆောင်ရွက်ခဲ့တဲ့ တခြားဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး၊ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ပိုမိုအားကောင်းလာဖို့လည်း မျှော်လင့်ထားပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ပြန်လည် စိစစ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး ပြန်လွှတ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားတာပါ။

နောက်ဆုံး ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာဆိုရင်လည်း အတိုက်အခံ တိုင်းရင်းသားတွေလည်း ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေကတော့ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ အများအပြား ဆက်လက် ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အင်္ဂါနေ့ အစောပိုင်း ရန်ကုန်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရှေ့ လွတ်မြောက်လာသူတွေကို သွားရောက်ကြိုဆိုခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုတင်မောင်ဦး ကတော့ ဖမ်းဆီးခံထားရသူ ၁၀၀ လောက် ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“ကျနော်တို့တင်ထားတဲ့ စာရင်းကိုက နောက်ဆုံးစာရင်းအရ ၁၇၁ ယောက် ရှိပါတယ်။ အဲဒီအထဲက ၇၂ ယောက်မှာ ကျနော်တို့ စာရင်းက ၅၉ ယောက်ပဲ ပါတဲ့အတွက်ကြောင့် ၁၀၀ ကျော် ကျန်ပါသေးတယ်။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတယ် ဆိုပေမဲ့ နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို အဖမ်းအဆီးတွေ ရှိနေတုန်းပဲလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သတိပေးနေကြတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မကြာသေးခင် လတွေအတွင်းမှာပဲ ဆက်တိုက် ဆိုသလို ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာချက်တစောင် ထုတ်ပြန် သတိပေးထားပါတယ်။
XS
SM
MD
LG