သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် ကွယ်လွန်ခြင်း ဆုံးရှုံးမှုကြီးတခုအဖြစ် UNESCO ရှုမြင်


မြန်မာနိုင်ငံက ဝါရင့်သတင်းစာ ဆရာကြီးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ တဦးလည်းဖြစ်တဲ့ ဦးဝင်းတင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရတဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနဲ့သိပ္ပံအဖွဲ့ (UNESCO) ကပြောလိုက်ပါတယ်။

UNESCO ရဲ့ ၂၀၀၁ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် Guillermo Cano ဆုရှင် တဦးလည်းဖြစ်တဲ့ သတင်းစာဆရာ၊ ကဗျာဆရာ ဦးဝင်းတင် ကွယ်လွန်သွားတဲ့အပေါ် မြန်မာလူထုနဲ့အတူ ဝမ်းနည်းရတဲ့အကြောင်း UNESCO ညွှန်ကြားရေးမှူးချုပ် Irina Bokova က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ဦးဝင်းတင် ကွယ်လွန်ရခြင်းဟာ မြန်မာပြည်သူတွေအတွက်သာမက ကမ္ဘာတဝှမ်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကြိုးပမ်းနေသူတွေအတွက် ဆုံးရှုံးမှု တခုလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဦးဝင်းတင်ရဲ့ ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုတွေကို တန်ဘိုးထားတဲ့ UNESCO အတွက်လည်း ဆုံးရှုံးမှုလို့ ဖော်ပြခဲ့တာပါ။

ဟံသာဝတီ ဦးဝင်းတင်အဖြစ် သတင်းစာဆရာ လောကမှာ ထင်ရှားသူတဦးဖြစ်သလို၊ အတိုက်အခံ NLD ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးအဖြစ်နဲ့ ဦးဝင်းတင်ဟာ ထောင်တွင်းမှာ အနှစ် ၂၀ နီးပါး ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ကို အမှတ်တရ ဂုဏ်ပြုတဲ့ အခန်းအနားတွေကိုတော့ ရန်ကုန်မြို့ ယုဒသန်ရိပ်သာနဲ့ ရေဝေးသုသာန်တွေမှာ အများပြည်သူအတွက် ဖွင့်လှစ်ထားပြီး၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း ရေဝေးသုဿန်မှာ သဂြိုဟ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG