သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းလေးကန် ဇီဝ ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး UNESCO သတ်မှတ်


အင်းလေးကန်။
အင်းလေးကန်။

ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ ဇီ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသတခုအဖြစ် ကုလသမဂ္ဂက ပထမဆုံးအကြိမ် အသိအမှတ်ပြု ကြေညာလိုက်ပါတယ်။ အပင်နဲ့တိရစ္ဆာန်တွေအပါအဝင် ဇီဝမျိုးကွဲပေါင်း အမြောက်အများရှိရာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ဒေသအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြေညာခဲ့တာပါ။ အင်းလေးကန်မှာ ငှက်မျိုးစိတ် ၂၇ဝ နီးပါး၊ ရေချိုငါး၊ လိပ်နဲ့ဖျံတွေအပါအဝင် ကုန်းနေရေနေ သတ္တဝါ ၄၃ မျိုး နေထိုင်ကျတ်စား နေသလို၊ သစ်ခွနဲ့ ဆေးဖက်ဝင် အပင်တွေ ရှင်သန်ပေါက်ရောက်နေတဲ့ ဒေသတခုအဖြစ်နဲ့လည်း UNESCO ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ကို ဇီ၀၀န်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဒေသအဖြစ် အသိအမှတ်ပြုလက်ခံဖို့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့နှစ်မှာပဲ အဆိုပြုတင်သွင်းထားတာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ UNESCO ရုံးချုပ်မှာ ဒီသီတင်းပတ်ထဲ ကျင်းပနေတဲ့ ညီလာခံအတွင်း ဇီ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသတွေအဖြစ် နောက်ထပ်နေရာ ၂၀ ကို အသိအမှတ်ပြု လက်ခံခဲ့တဲ့အတွက် အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ဇီဝမျိုးကွဲတွေကြွယ်ဝရာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ဒေသပေါင်း ၆၅၀ ကျော်အထိ ရှိသွားပါပြီ။

ခြေတဖက်နဲ့ လှေလှော်တာလို ထူးထူးခြားခြား နေထိုင်ကြတဲ့ မြန်မာနိုင်ငံက အင်းလေးကန်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားကြတဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်နှစ်တွေကစလို့ အင်းလေးကန်မှာ ရေနည်းပါးလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာနေရပြီး၊ ကျွမ်းကျင်သူတွေကတော့ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေရဲ့ ရလဒ်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်ဟန့်တားဖို့လည်း သတိပေးနေကြပါတယ်။

XS
SM
MD
LG