သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် UNFC ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်


တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားချက်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်တွေ ဒီကနေ့မှာပဲ မြန်မာနိုင်ငံဆီ သွားရောက်ကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ရှိတဲ့ ဒီဇင်ဘာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်လည်း အစိုးရနဲ့လက်နက်ကိုင်အဖွဲ့တွေကြား ကွဲလွဲမှုတွေကို ဆွေးနွေးနိုင်ခြေရှိတယ်လို့ UNFC ပြောခွင့်ရက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းရဲ့ ဖိတ်ကြားချက်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ (၁) KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ခွန်းအေဘယ်လ်တွိဒ်၊ UNFC ရဲ့ ဒုတိယဥက္ကဋ္ဌ(၂) KNU ကရင်အမျိုးသားအစည်းအရုံးက ပဒိုဒေးဗစ်သာကပေါနဲ့ UNFC ရဲ့အထွေထွေအတွင်းရေးမှူး၊ မွန်ပြည်သစ်ပါတီ NMSPက နိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၂၃ ကနေ နိုဝင်ဘာ ၂၆ ရက်နေ့ အထိ သုံးရက်တာ ခရီးစဉ်အဖြစ် မြန်မာပြည်တွင်းကိုလာကြပြီဖြစ်ပါတယ်။

ဒီခရီးစဉ်ကို ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက စီစဉ်ဆောင်ရွက်တာဖြစ်ပြီး အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအပါအဝင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

UNFC ရဲ့မြန်မာပြည်ခရီးစဉ်မစခင်မှာဘဲ ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ UNFC ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုတွေကို အမြင် ဖလှယ်နိုင်ခဲ့ကြပြီး ဒီခရီးစဉ်အတွက်လည်း အထောက်အကူဖြစ်စေခဲ့တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တို့တွေ့ချင်နေတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရော၊ ဒီမိုကရေစီ ပါတီတွေရော ရောက်လာတဲ့အခါကျတော့ သူတို့ဘက်ကလည်း ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းမေးမြန်းလို့ အခြေအနေတွေကို တီးခေါက်လို့ရတာပေါ့။ ကျနော်တို့ကလည်း ကျနော်တို့ဖြစ်စေချင်တာ၊ ယူဆတာ၊ နောက်ပြီးတော့ ရှေ့ဆက်သွားမယ့် အပစ်အခတ် ရပ်စဲရေးတို့၊ နိုင်ငံရေးဆွေးနွေးပွဲတို့၊ အဲဒီလို စီစဉ်ထားတဲ့ဟာတွေကိုလည်း သူတို့ကို အသိပေးလို့ရတာပေါ့။ အဲဒီလိုပေးခြင်းအားဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်တာပေါ့ ဗျာ။ အဲဒါကတော့ အားသာချက်လို့ ပြောနိုင်တာပေါ့။”

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဖိတ်ကြားချက်နဲ့ ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အကြိမ်ရေစိတ်လာတာဟာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ အလားအလာကောင်းတွေ ဖြစ်တယ်လို့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်း VOA ကို ပြောပါတယ်။

“ကျနော်မှတ်မိသလောက်က KNU အနေနဲ့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကတည်းက အပစ်အခတ် ရပ်စဲပြီးဖြစ်တာပေါ့။ ဥက္ကဋ္ဌ မူးတူးစေးဖိုးက အကြိမ်ပေါင်း မြောက်မြားစွာ လာခဲ့ပြီးဖြစ်တာပေါ့။ ဆရာဒေးဗစ်တာကပေါကတော့ အခုမှပဲ ရောက်မယ့်သဘောရှိတာပေါ့။ ဒီလိုပဲ မွန်ပြည်သစ်ပါတီကလည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက အပစ်အခတ်ရပ်စဲခဲ့ပြီးဖြစ်တယ်။ အပစ်အခတ် ရပ်စဲတဲ့စာချုပ်ထဲမှာ လက်နက်မပါဘဲနဲ့ မြန်မာနိုင်ငံထဲ လွတ်လွတ်လပ်လပ် သွားလို့ရတယ်လို့ ရေးထားပါတယ်ဗျ။ အရင်တုန်းက ဒု-ဥက္ကဋ္ဌ ဦးနိုင်ရော့စ တို့လည်း အကြိမ်ကြိမ်လာဖူးပါတယ်။ ဦးနိုင်ဟံသာကတော့ အခုမှ လာဖူးတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့ ဒီလိုဆွေးနွေးပွဲတွေ မကြာခဏတွေ့နိုင်တာကတော့ ဖြစ်စဉ်တွေ အများကြီးကောင်းမယ်လို့ ယုံကြည်တယ်။”

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ရှိတဲ့ ဒီဇင်ဘာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်လည်း အစိုးရနဲ့လက်နက်ကိုင် အဖွဲ့တွေကြား ကွဲလွဲမှုတွေကို ဆွေးနွေးနိုင်ခြေရှိတယ်လို့ UNFC ပြောခွင့်ရကပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးဟာ သဘောတူညီချက်မှာ တပါတည်း ပါရမယ့် ကိစ္စတွေက အပစ်အခတ်ရပ်စဲရေးပြီးရင် ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စတွေ၊ ဆွေးနွေးတဲ့နေရာမှာလည်း ဒီအတိုင်း နိုင်ငံရေး ဆွေးနွေးပါ့မယ်လို့ ပြောရုံတော့ မဟုတ်ဘူးပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲထဲမှာ ပါရမယ့် ဆွေးနွေးရမယ့်အကြောင်းအရာ Agenda တွေကိုလည်း ကျနော်တို့က အကြောင်းအရာ တခါတည်းကြိုတင်ပြီးတော့ သဘောတူထားမှ လက်မှတ်ထိုးပွဲက အကောင်အထည်ဖော်ဖို့ပေါ့လေ။ ဒီလိုအဆင့်တွေ သွားမယ်ဆိုရင်တော့ ကျနော်တို့မှာ ပြည်တွင်းက နိုင်ငံရေးပါတီတွေရော၊ ပြည်တွင်းက ပြည်သူလူထုတွေရော ထောက်ခံမှုလိုတာပေါ့။ အဲဒီ နေရာမှာကျတော့ သူတို့ရဲ့တွေ့ဆုံမှုဟာ အကျိုးရှိပါတယ်။”

အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိအကျ ရက်မသတ်မှတ်ရသေးပေမဲ့ ဆွေးနွေးဖို့ နှစ်ဖက်စီစဉ်နေတယ်လို့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်း ပြောပါတယ်။

“ချင်းမိုင်မှာ သူတို့အဖွဲ့ဝင်တွေ ဆွေးနွေးကြမယ်၊ ဆွေးနွေးပြီးတဲ့ draft ကို သူတို့ရဲ့ မူရင်းအဖွဲ့တွေကို ပြန်ပို့မယ်။ အဲဒီက မှတ်ချက်တွေကို သူတို့ ပြန်စုမယ်၊ MTTC နဲ့ ဝန်ကြီးဦးအောင်မင်းတို့အဖွဲ့တွေနဲ့ ဒီရက်အတွင်းမှာ တကြိမ် ဆွေးနွေးမယ်၊ ဆွေးနွေးပြီးလို့ ညှိနှိုင်းပြီးတဲ့အချိန်ကျရင် တခါ ပြန်ပြီး သုံးသပ်မယ်။ ပြီးရင် KNU ရဲ့နယ်မြေထဲမှာ Conference တစ်ခု လုပ်မယ်။ အဲဒါပြီးမှ -- ကို လာမယ်ဆိုတော့ အနှေးနဲ့အမြန်တော့ ဖြစ်မှာပါပဲ။ ဒီဇင်ဘာလထဲမှာပဲဖြစ်မယ်၊ ဘယ်အချိန်လဲဆိုတာတော့ အတိအကျတော့ အခုအချိန်အထိ မသိနိုင်သေးဘူး၊ သူတို့လည်းဆောင်ရွက်ဆဲပဲဖြစ်တယ်။”

UNFC ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီအင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အစိုးရနဲ့လက်နက်ကိုင်အဖွဲ့တွေကြား ကွဲလွဲမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး နောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့စွဲနဲ့ သတင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG