သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲဒေသ ရွေးကောက်ပွဲအလားအလာ UNFC မေးခွန်းထုတ်


နိုင်ငံအတွက် အရေးကြီးအပြောင်းအလဲဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်နီးကပ်လာချိန် တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေ တာဟာ စစ်ပွဲကိုအကြောင်းပြပြီး ရွေးကောက်ပွဲကို ရက်ရွှေ့ဖို့ ဒါမှမဟုတ် စစ်ရေးတင်းမာနေတဲ့နယ်မြေတွေက ပြည်သူတွေမဲပေးခွင့် မရှိအောင် ဖန်တီးနေသလားလို့ တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက မေးခွန်းထုတ်လိုက်ပါတယ်။ လုံခြုံရေးစိုးရိမ်ရလို့ တိုင်းရင်းသားနယ်မြေ တွင်း လက်နက်ကိုင်တွေဘက်က မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်ခဲ့တာ ရှိသလို ပြန်ခွင့်ပြု လိုက်ပေမဲ့လည်း နိုင်ငံရေးပါတီတွေဘက်က အခြေအနေကို စောင့်ကြည့်နေကြဆဲ အခြေအနေဖြစ်နေပါတယ်။ အသေးစိတ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေချိန်မှာပဲ ကချင်၊ ရှမ်း စတဲ့တိုင်းရင်းနယ်မြေတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဘက်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခက်အခဲ တွေ့လာနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ အချိန်က တစ်လနီးပါးလောက်ပဲ ကျန်တော့တဲ့အချိန်မှာ တိုင်းရင်းဒေသတွေမှာ စစ်ပွဲတွေ ဖော်နေတာဟာ စစ်ပွဲအကြောင်းပြ ရွေးကောက်ပွဲကို ရက်ရွှေ့ နောက်ဆုတ်သွားနိုင်ဖို့ သို့တည်းမဟုတ် အနိမ့်ဆုံး တိုက်ပွဲဖြစ်နေတဲ့နယ်မြေကို မတည်ငြိမ်သောနယ်မြေလို့ သတ်မှတ်ပြီး နယ်မြေထဲက ပြည်သူတွေ မဲပေးခွင့်မရှိအောင် ဖန်တီးအနိုင်ယူဖို့ ကြံဆောင်နေသလား စဉ်းစားစရာ ဖြစ်နေတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ဗဟိုအလုပ်အမှုဆောင်ကော်မတီ က သဘောထား ထုတ်ပြန်လိုက်တာပါ။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထားကို မေးခွန်းထုတ်လိုတယ်လို့ က UNFC ရဲ့ ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“တလောကလည်း သမ္မတဦးသိန်းစိန်က တကယ်လို့ မတည်မငြိမ်ဖြစ်နေရင် ရွေးကောက်ပွဲကို ရက်ရွှေ့လိုက်မယ်၊ နောက်ဆုတ်လိုက်ဖို့လည်း အလားအလာရှိမယ်ဆိုတဲ့အကြောင်းလည်း ပြောထားတာမဟုတ်လား။ အခုလို အနေအထားမျိုးမှာ ထိုးစစ်တွေ နေရာအနှံ့ဖြစ်နေတော့ ဒါက ဒီရွေးကောက်ပွဲကို နောက်ဆုတ်ဖို့တမင်လုပ်တာလား လို့ပေါ့လေ။ အနည်းဆုံးအားဖြင့်က အဲသလိုမဟုတ်ရင်တောင် တိုင်းရင်းသား နယ်မြေမှာပေါ့နော်- စစ်တွေ ဖြစ်နေတဲ့နေရာတွေမှာ လူထုတွေ မဲပေးခွင့်မရှိအောင်ပဲ ဒီလိုလုပ်တယ်လို့ သဘောလည်းဖြစ်နိုင်တယ်လို့ ကျနော်တို့ရဲ့ ခန့်မှန်းချက်လေ။”

ပြီးခဲ့တဲ့လက ရှမ်းပြည်နယ်တွင်း အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA တောင်ပိုင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နယ်မြေအတွင်း နိုင်ငံရေးပါတီတွေ စည်းရုံးရေး မဆင်းကြဖို့ RCSS ဘက်က ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ လုံခြုံရေးကတိကဝတ်တွေအရ နှစ်ဘက်သဘောတူညီချက်နဲ့ နိုင်ငံရေးပါတီတွေ RCSS ထိန်းချုပ် နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့်ပြန်လည်ခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့လို့ အခုချိန်အထိ နယ်မြေတွင်းမှာ စစ်တပ်ဘက်က နောက်ပြန်ဆုတ် သွားတာမရှိသေးသလို ပါတီကိုယ်စားလှယ်လောင်းတွေ လုံခြုံရေးအတွက် ရှမ်းတပ်ကို သတိပေးအကြောင်းကြား သွားလာကြဖို့ကိုလည်း RCSS/SSA တောင်ပိုင်းတပ်က ဒုတိယဗိုလ်မှုူးကြီး စိုင်းမင်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ဝင်ပြီးတော့ မဲဆွယ်စည်းရုံးတဲ့ပါတီအနေနဲ့တော့ သူတို့ကျားဖြူပါတီကတော့ တရားဝင်ပေါ့နော်၊ ကျနော်တို့နဲ့ဆက်သွယ်ပြီးတော့ အကြောင်းကြားတာတွေတော့ ရှိပါတယ်။ တခြားပါတီအနေနဲ့ကတော့ သိပ်ပြီးတွေ့ရှိရတာ မတွေ့ဘူးပေါ့နော်။ ကျနော်တို့ကတော့ ….ကို အကြောင်းကြား ဆက်သွယ်ပြီးတော့ လုပ်စေချင်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မဲဆွယ်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေတင်မကဘူးပေါ့။ များသောအားဖြင့်တော့ ကျနော်တို့ကတော့ ဒေသခံပြည်သူတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ပူတာပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဒီ တပ်မတော်လည်း တဘက်က ထိုးစစ်ဆင်လာခဲ့မယ်ဆိုရင် ကျနော်တို့နဲ့ မလွှဲမရှောင်သာ တိုက်ပွဲတွေ ဖြစ်နိုင်တဲ့အခြေအနေရှိတယ်။ ဒါကြောင့်မို့လို့ အကယ်၍ လုပ်ဆောင်မယ်ဆိုရင်တော့ အကြောင်းကြားတာက အကောင်းဆုံးပဲလို့ ပြောကြားချင်ပါတယ်။”

RCSS/SSA တောင်ပိုင်းတပ်ဟာ အခုအပစ်ရပ်စာချုပ်ထိုးမယ့်အဖွဲ့ (၈) ဖွဲ့ထဲ ပါဝင်ပါတယ်။ ဒါပေမဲ့လို့ နယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးကို အခုချိန်အထိ စောင့်ကြည့်နေဆဲဖြစ်ပြီး အောက်တိုဘာ ၁၅ရက်နေ့နောက်ပိုင်းမှာမှ အခြေအနေကြည့်ပြီး မဲဆွယ် စည်းရုံးမှု လုပ်ဆောင်မှာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောပါတယ်။

“လက်မှတ်ရေးထိုးပွဲက ၁၅ ရက်ဆိုတော့လေ၊ ၁၅ ရက်နောက်ပိုင်းမှာမှ သူတို့က သွားမယ်ထင်တယ်။ သူတို့ကပဲတားတယ်၊ သူတို့ကပဲ ခွင့်ပြုတယ်ဆိုရင် အဲဒီဟာတော့ လုံခြုံရေးဆိုတာက နီးစပ်ရာ နီးစပ်ရာနဲ့ မေးရင်းသွားကြတာပဲရှိပါတယ်။ လုံခြုံပါတယ်၊ အကူအညီပေးပါမယ်ဆိုတဲ့ဟာမျိုးက မရှိပါဘူးခင်ဗျာ။ အခြေအနေကြည့် စောင့်နေသေးတယ်၊ ဟုတ်ကဲ့။”

အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ လှည်းကူးမြို့နယ်တွင်း မဲဆွယ်စည်းရုံးရေး အောင်နိုင်ရေး ခရီးစဉ်အတွင်း အသိသက်သေအဖြစ် လက်မှတ်ရေးထိုးမလားဆိုတဲ့ ပြည်သူတွေရဲ့ မေးမြန်းချက်ကို တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးသင့်ကြောင်းကိုလည်း ပြန်လည်ပြောကြားခဲ့ပါတယ်။

“ကျမတို့အဖွဲ့ချုပ်ကို ဖိတ်လို့ရှိရင်တော့ ကျမတို့က ကိုယ်စားလှယ်လွှတ်မှာပါ။ ဒါပေမယ့် ဒီအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျမတို့ သက်သေလက်မှတ်ထိုးဖို့ ဆွဲရမှာဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံး စုံစုံညီညီပါစေချင်ပါတယ်။ စုံစုံညီညီ ပါတဲ့အခါမှ ထိုးသင့်တယ်လို့ ကျမတို့ယုံကြည်ပါတယ်။”

တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ( NCCT) ၊ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ (SD) တို့ အချိန်များစွာယူဆွေးနွေးခဲ့ပေမဲ့ အဲ့ဒီ့ဆွေးနွေးမှုတွေကို အလေးမထားဘဲ တစ်ဖွဲ့ချင်းဖိတ်ပြီး အဖွဲ့အချို့ကို ချန်လှပ် လက်မှတ်ရေးထိုးဖို့ ကြိုးပမ်းချက်ဟာ အပြောနဲ့အလုပ်မညီတဲ့ လက္ခဏာဖြစ်ပြီး လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို တိုက်ခိုက်လာနေတဲ့အပေါ် သမ္မတနဲ့ အစိုးရအဖွဲ့တွေဘက်က နိုင်ငံရေးပြသနာကို အေးချမ်းစွာ တွေ့ဆုံဖြေရှင်းဖို့ ကြိုးစားနေ ပါတယ်လို့ ကြွေးကြော်နေပေမဲ့ မြန်မာ့ တပ်မတော်ဘက်က စစ်ရေးအရှိန်မြှင့်တိုက်ခိုက်လာနေတာဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဘက် နည်းဗျူဟာကို ကျင့်သုံးနေတာဖြစ်တယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဘက်က အောက်တိုဘာလ ၁၀ ရက်နေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG